ရန်ကုန်၊ မေ ၂၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ကျင်းပသည့် အာဝါဒေးဖျော်ဖြေရေးပွဲမှ ပြန်လာသော လူငယ် ၂၀ ဦးကို စစ် တပ်က ၂ ရက်ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးနောက် လူငယ် တစ်ဦးလျှင် ငွေကျပ် သိန်း ၃၅၀ ဖြင့် ပြန်လည် ရွေးယူရန် အဆမတန် တောင်းခံနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၁ ရက်နေ့နှင့် မေလ ၁၂ ရက်နေ့တို့တွင် ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာနှင့် နှင်းပုလဲကျေးရွာအကြား ပြုလုပ်နေသော အာဝါဒေးပွဲသို့ ဟာသမယ် ဖြူဖြူထွေး လာရောက်ဖျော်ဖြေသဖြင့် သွားရောက်ကြည့်ရှုပြီး ပြန်လာကြသည့် အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ်ဝန်းကျင်ရှိ လူငယ် ၂၀ ဦးကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“အာဝါဒေးပွဲ လာရောက်ဖျော်ဖြေတဲ့ ဖြူဖြူထွေးပွဲကို လာကြည့်ပြီး ပြန်လာတဲ့ လူငယ် ၂၀ ဦးကို စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးတယ်။ စစ်ခွေးတွေက မိသားစုဝင်တွေကို တွေ့ခွင့်မပေးဘူး။ ပြန်ရွေးခိုင်းရင်လည်း တစ်ဦးကို သိန်း ၃၅၀ နဲ့ ပြန်ရွေးခိုင်းတယ်။ လက်ရှိမှာ ဖမ်းဆီးထားတဲ့သူတွေထဲက လူငယ် ၃ ဦးပဲ ပိုက်ဆံပေးပြီး ပြန်ရွေးနိုင်သေးတယ်လို့ သိရတယ်။ ကျန်တဲ့သူတွေကို ဘီးလင်းမြို့အခြေစိုက် ခလရ ၈ တပ်ရင်းထဲမှာ ဖမ်းထားပြီး အဲဒီကတစ်ဆင့် မော်လမြိုင်ကို ပို့မယ်လို့ ကြားတယ်။ စစ်ခွေးတွေက လူငယ်တွေကို အဓိက ပစ်မှတ်ထားပြီး နာမည်ကြီးအနုပညာရှင်တွေခေါ်ကာ ဖျော်ဖြေပွဲတွေလုပ်ပြီး လာကြည့်တဲ့လူငယ်တွေကို ပေါ်တာဆွဲတာပါ”ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် ပန်းခြံကုန်ဆင်းလမ်းတို့တွင်လည်း စစ်တပ်က မေလ ၁၄ ရက်နေ့တွင် လူငယ် ၄ ဦးနှင့် မေလ ၁၈ ရက်နေ့တွင် ၂ ဦး၊ စုစုပေါင်း အသက် ၂၅ နှစ်မှ ၃၅ နှစ်ဝန်းကျင်ရှိ အမျိုးသား ၆ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရသည်။
ချောက်မြို့မှ ဒေသသတင်းရင်းမြစ်က “စစ်ခွေးတွေ ချောက်အဝင်ဂိတ်နဲ့ ပန်း ခြံ ကုန်း ဆင်းလမ်းတွေနားမှာ ဖမ်းဆီးသွားတာ စုစုပေါင်း လူငယ် ၆ ဦး ရှိပြီ။ ဖမ်းဆီးထားတဲ့ လူငယ်တွေကို မိသားစုနဲ့ ပေးမတွေ့သလို ဘယ်မှာ ဖမ်းထားလဲဆိုတာပါ အခုထိ မသိရသေးဘူး။ ပိုက်ဆံနဲ့ ပြန်ရွေးမယ်ဆိုရင်တောင် ဘယ်မှာ သွားလိုက်ရွေးရမလဲဆိုတာ မသိရသေးပါဘူး”ဟု ပြောဆိုသည်။
ချောက်မြို့သည် ပေါ်တာဆွဲဖမ်းဆီးမှုများ အလွန်ဆိုးရွားသော မြို့နယ်တစ်ခုဖြစ်ပြီး လူငယ်ရာချီ၍ ယမန်နှစ်အတွင်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။




