ရန်ကုန်၊ မေ ၂၂
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်၍ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှ စတင်ပြီး အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုတ်ဖိုမြို့နယ်၊ ကျေးပျက်ရွာနှင့် စံပြရွာတို့တွင် စခန်းချပြီး ကျေးရွာများကို ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော မီးလောင်ဗုံးများနှင့် ကျည်များသည် ကြို့ကိုးပင်ရွာ ၊ မအူတန်းရွာ ၊ ကိုင်းကြီးရွာ နှင့် ရှားစေးဘို တို့ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ် ကျဲချသော ဒရုန်းဗုံး ထိမှန်ပြီး အသက် ၆၄ နှစ်အရွယ် ချောင်းခွရွာသား ဦးခင်လွင် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းသည် ဒရုန်းဗုံးများဖြင့် ယမန်နေ့ ညပိုင်းထိ ကျေးရွာများကို မီးလောင်ဗုံးများ ဆက်တိုက် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များလည်း မီးလောင်နေကြောင်း၊ ထို စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များလည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းက ကျေးပျက်ရွာနဲ့ စံပြရွာမှာ စခန်းချပြီး ကြို့ကိုးပင် ၊ မအူတန်း၊ ကိုင်းကြီး၊ ရှားစေးဘိုရွာ တွေကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ထည့်တာ စစ်ခွေးတွေ ကျဲတဲ့ ဒရုန်းဗုံး ထိမှန်ပြီး ချောင်းခွရွာသား ဦးခင်လွင်လည်း ပြင်းထန်ဒဏ်ရာရထားတယ်။ နေအိမ်တွေ မီးလောင်တာက အရေအတွက် အတိအကျ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ အုတ်ဖိုမြို့နယ် အရှေ့ဘက် ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။





