ရန်ကုန်၊ မေ ၂၂
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်းရှိ သရက်-မင်းတုန်း လမ်းမကြီးပေါ်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းအား အသုံးပြုသွားလာခြင်းမပြုကြရန်နှင့် လက်နက်ကြီး၊ လေကြောင်းရန်များကို အထူးဂရုစိုက် နေထိုင်ကြရန် သရက်ခရိုင်အမှတ် ၄ တပ်ရင်းက အရေးပေါ် သတိပေးနှိုးဆော်လိုက်သည်။
ဧပြီလလယ်ပိုင်းအတွင်းမှစတင်၍ မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမတောင်ခြေရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် မေလ ၁၈ ရက်နေ့တွင်လည်း မင်းတုန်းမြို့အနီးတဝိုက်နှင့် သရက်-မင်းတုန်းလမ်းပိုင်းတို့တွင် အင်အား ၂၀၀ ခန့်ဖြင့် ထပ်မံတပ်ဖြန့်ကာ နေရာယူခဲ့သည်။
ထို့ပြင် ယနေ့ မေလ ၂၂ ရက်နေ့တွင်လည်း မကွေးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့မှ စစ်ကောင်စီတပ်သား အင်အား ၃၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့သည့်အပြင် သရက်မြို့မှလည်း အင်အား ၃၀၀ ခန့် မင်းတုန်းမြို့ဘက်သို့ ထပ်မံစစ်ကြောင်းထိုး တက်လာခဲ့သည်။
ထို့ကြောင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယင်းစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်နေရသဖြင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် လမ်းပိုင်းကို အရေးပေါ် ပိတ်ဆို့လိုက်ရခြင်း ဖြစ်သည်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က “လက်ရှိ သရက်ခရိုင်၊ သရက်-မင်းတုန်းပေါ့၊ မင်းတုန့်မြို့နယ်မှာဆိုရင် ရခိုင်ရိုးမခြေမှာရှိတဲ့ ကျေးရွာတွေဆီကို အင်အား ၂၀၀ လောက်နဲ့ ပြီးခဲ့တဲ့ ၄ လပိုင်း လဝက်လောက်မှာကတည်းက ဝင်နေတာရှိပါတယ်။ အဲဒါပြီးတော့ ဒီလ ၁၈ ရက်နေ့မှာဆိုရင် နောက်ထပ်အင်အား ၂၀၀ လောက်နဲ့ သရက်-မင်းတုန်း လမ်းပိုင်းနဲ့ မင်းတုန်းမြို့အနီးတဝိုက်တွေမှာ အင်အား ၂၀၀ လောက်ဖြန့်ခွဲထားတာ ရှိပါတယ်။ အဲဒါအပြင် ဒီနေ့မှာဆိုရင် အောင်လံတို့၊ မကွေးတို့၊ ပြည်တို့ဘက်ကနေမှ သရက်ဘက်ကို အင်အား ၂၀၀၊ ၃၀၀ ဝန်းကျင်လောက်ထပ်ပို့တာရှိပါတယ်။ ဒီနေ့မနက်မှာဆိုရင် သရက်ဘက်ကို ရောက်လာတဲ့ အင်အား ၂၀၀၊ ၃၀၀ လောက်က ကျနော်တို့ မင်းတုန်းဘက်ကို ထပ်ပြီးတော့ထွက်လာတာရှိပါတယ်။ ရန်သူတွေ အဓိကထားအသုံးပြုနေတဲ့ သရက်-မင်းတုန်းလမ်းပိုင်းမှာကျနော်တို့ ဖြတ်တောက်တိုက်ခိုက်ရေးလုပ်နေတာရှိပါတယ်။ အဲဒီအတွက်ကို ကျနော်တို့က အရပ်သားပြည်သူတွေ သိရှိနိုင်ရန်နဲ့ ဒီလမ်းကို လတ်တလောအသုံးမပြုဖို့ ထုတ်ပြန်တာဖြစ်ပါတယ်။“ဟု သတိပေးပြောဆိုသည်။
မကွေးတိုင်း၊ သရက်ခရိုင်အတွင်းရှိ သရက်-မင်းတုန်း လမ်းမကြီးကို အသုံးပြုသွားလာနေကြသည့် ပြည်သူများအနေဖြင့် ယနေ့ မေလ ၂၂ ရက်နေ့မှစ၍ သွားလာခြင်း လုံးဝမပြုကြရန်နှင့် အကယ်၍ ကျန်းမာရေးကိစ္စရပ်များကြောင့် မဖြစ်မနေ အရေးတကြီး အသုံးပြုရန် လိုအပ်လာပါက သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များထံ ဆက်သွယ်ချိတ်ဆက် သတင်းပို့ပြီး ခွင့်ပြုချက်ရရှိမှသာ ဖြတ်သန်းကြရန် အသိပေးထားသည်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်လည်း ဆက်လက်တိုက်တွန်းထားသည်။
“လက်ရှိ မင်းတုန်းမြို့နယ်မှာ အင်အားဟာ ၆၀၀ ပတ်ဝန်းကျင်နဲ့ ၆၀၀ အထက်ကို ရောက်ရှိနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်၊ ပြီးလို့ရှိရင် မင်းတုန်းမြို့နယ်တဝိုက်၊ သရက်-မင်းတုန်း အစပ်တဝိုက်တွေကို စစ်ကြောင်းထိုးဖို့ အခြေအနေတွေလည်းရှိနေပါတယ်။ မင်းတုန်းမြို့နယ်နေပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာဆိုရင် စစ်တပ်က မင်းတုန်းမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ဖို့ ပြင်ဆင်နေတာရှိပါတယ်။ လုပ်လည်းလုပ်နေပါတယ်။ အဲဒီတော့ မင်းတုန်းမြို့နယ်နေ မိဘပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းရဲ့ အန္တရယ်တွေကို ဂရုစိုက်ဖို့နဲ့ ပြီးလို့ရှိရင် လက်နက်ကြီးရန်၊ နောက်ပြီးတော့ လေကြောင်းရန်တွေကို ဂရိုစိုက်နေပေးကြဖို့ တိုက်တွန်းချင်ပါတယ်။”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ သရက်-မင်းတုန်း လမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည့် ထုတ်ပြန်ချက်သည် နောက် ထပ် သွားလာခွင့်ပြုကြောင်း ကြေညာချက်တစ်စုံတစ်ရာ ထပ်မံမထုတ်ပြန်မချင်း အတည်ဖြစ်ပြီး၊ ထုတ်ပြန်ထားသည့် ကာလအတွင်း ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် လုံးဝ(လုံးဝ) အသုံးမပြုကြရန် မေတ္တာရပ်ခံ နှိုးဆော်ထားသည်။




