27 C
Yangon

ချောင်းမ-ကနီ လမ်းပိုင်းကို စစ်တပ် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၂ သောင်းကျော် ဆက်လက် တိမ်းရှောင်နေရ၊ မောတောင်မြို့မှ စစ်ဘေးရှောင်ပြည်သူ ၃ ထောင်ကျော်လည်း စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမ-ကနီ လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၂ သောင်းကျော် ဆက်လက် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလကုန်ပိုင်းမှ စတင်၍ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၂၄ ရက်ကြာ စစ်ကြောင်းထိုးနေပြီး လက်ရှိချိန်ထိ ရေလယ်ကျွန်းပျူစောထီးစခန်း၊ ချောင်းမရွာနှင့် ချောင်းမ-ကနီ လမ်းပိုင်းတွင် ဆက်လက် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ထို စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၈ ခုမှ ပြည်သူ ၂၄၆၈၉ ဦးသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

“ကနီနယ်ထဲမှာ စစ်ခွေးစစ်ကြောင်းက ဆက်ရှိနေတုန်းပဲ အခုထိ ချောင်းမ-ကနီ လမ်းပိုင်းမှာ စစ်ကြောင်းထိုး သွားလာနေတော့ ပြည်သူတွေ တိမ်းရှောင်နေရတာ ၁ လနီးပါးကြားနေပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်ထိ ကနီမြို့နယ် အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထားဆဲဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကကျေးရွာများကို စစ်ကြောင်းထိုးစဉ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးကာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ နေအိမ် ၂၀ ခန့်နှင့် စစ်ရှောင်တဲ ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ်တွင်းရှိ ကျေးရွာ ၃၁ ခုနှင့် ကနီမြို့ပေါ် ၁ ၊ ၂ ၊ ၃ ရပ်ကွက်များမှ ပြည်သူပိုင်ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူသွားပြီး ၎င်းတို့ယူဆောင်လိုခြင်းမရှိသော ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ မောတောင်မြို့မှ စစ်ဘေးရှောင် ပြည်သူ ၃ထောင်ကျော် စားဝတ်နေရေးခက်ခဲနေ၍ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့နှင့် မေလ ၁၉ ရက်နေ့တို့တွင် မောတောင်မြို့ကို အကြမ်းဖက် စစ်တပ်က ပြန်လည် ဝင်ရောက်လာပြီးနောက် ပြည်သူ ၃ ထောင်ကျော်သည် ဂျလန်းကျွန်းကျောင်းနှင့် ကောသလရာမကျောင်းများတွင် စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် စစ်ရှောင်ပြည်သူ ၃ ထောင်ကျော်သည် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“စစ်ရှောင်တွေထဲမှာ တော်လှန်ရေးဘက်က မိသားစုဝင်တွေလည်းရှိတယ်။ တချို့တွေကျတော့ တော်လှန်ဘက်က မိသားစုဝင်တွေ စစ်တပ်ကို သွားတိုင်တာတွေရှိတယ်။ တချို့ကြတော့ ကိုယ့်ကိုယ် စိတ်မလုံတာပေါ့။ ငါတို့များလာတိုင်မလား။ ငါတို့များ ဘယ်အချိန်များ လာဖမ်းမလဲဆိုတဲ့ အတွေးတွေနဲ့ပေါ့နော်။ တိမ်းရှောင်နေရာတွေရှိတယ်။ အခု စားဝတ်နေရေးကြတော့ ထိုင်းနိုင်ငံဘက်က ကျွန်တော်တို့က ရွေ့ပြောင်း အလုပ်သမားတွေက တစ်ဆင့် ပြန်ကူညီပေးတာတွေ ရှိတယ်။ ဒါပေမယ့် အခုချိန်မှာ စားနပ်ရိက္ခာတွေလည်း တင်ဖို့မလွယ်ဘူး။ ထိုင်းအာဏာပိုင်တွေ ရှိသမျှ လမ်းကြောကို အကုန်လုံး ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် ရိက္ခာတွေလည်း ကျွန်တော်တို့ တင်လို့ မလွယ်ဘူး။ အဲဒီလိုမျိုး ဖြစ်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မောတောင်မြို့ကို ပြန်လည်ဝင်ရောက်လာစဉ် အမှတ် ၆ ဘုန်းကြီးကျောင်းမှ သံဃာတော် ၁၀ အပါအဝင် မြို့ပေါ် ရပ်ကွက်များမှ ပြည်သူ ၂၀၀ ကျော်ကို စစ်ကြောင်းရှေ့တွင် လူသားဒိုင်း ပြုလုပ်ပြီး မြို့ပေါ်ကို အင်အား အရင်းဖြင့် ဝင်ရောက်ခဲ့ခြင်းကြောင့် တော်လှန်ရေး တပ်များက ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်၍ ပြန်လည် ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article