25 C
Yangon

မြန်မာ့အရေး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ရုံဖြင့် အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုများကို မဟန့်တားနိုင်သဖြင့် ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်ပြ

Must read

ရန်ကုန်၊ မေ ၂၃

မြန်မာ့အရေး စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ရုံဖြင့် အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုများကို မဟန့်တားနိုင်သဖြင့် ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြတောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ မေလ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် “အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး သီတင်းပတ်” (Protection of Civilians – PoC Week) အစီအစဉ်အတွင်း မေလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ပြုလုပ်ခဲ့သော လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ပြောကြားမှုများသည် အကြမ်းဖက်စစ်တပ်၏ အရပ်သားပြည်သူများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများအပေါ် ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နေခြင်းကို ဟန့်တားနိုင်ခဲ့ခြင်း မရှိကြောင်း၊ စစ်အုပ်စုအပေါ် ထိရောက်ပြတ် သားသည့် အရေးယူမှုများ ချက်ချင်းလုပ်ဆောင်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တောင်းဆိုသည်။

ယခု ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ခဲ့သည့် နေရပ်စွန့်ခွာရွှေ့ပြောင်းမှု အသစ်များ၏ ၆၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၅ နိုင်ငံကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းချိန်မှစ၍ ယနေ့အထိ ပြည်သူ ၈,၀၀၀ ကျော်သည် အကြမ်းဖက်စစ်တပ်၏ လက်ချက်ဖြင့် အသက်သေဆုံးခဲ့ရပြီး၊ ပြည်သူ ၃ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်အပြင် လူဦးရေ ၂၂ သန်းနီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ထောက်ပြထားသည်။

အထူးသဖြင့် စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်နှင့် အရပ်သား ခွဲခြားမှုမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ကျေးရွာများနှင့် လယ်ယာမြေများကို မီးရှို့ဖျက်ဆီးခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် ဝန်ထမ်းများကို တိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ခြင်းတို့ကို စနစ်တကျ ကျူးလွန်နေကြောင်း အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လက်တွေ့ကျသည့် ဆောင်ရွက်ချက် ၃ ချက်ကို ချမှတ်ပေးရန် တောင်းဆိုပြီး

ပထမအချက်အနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်များသည် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) နှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို သိသာစွာ ချိုးဖောက်နေကြောင်း၊ ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်သစ်တစ်ရပ် ချမှတ်ရန်လိုပြီး၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ စစ်လက်နက်ပစ္စည်း၊ လေယာဉ်ဆီ၊ စစ်ဘက်အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများနှင့် နည်းပညာများ စီးဆင်းမှုကို အမြန်ဆုံး ဖြတ်တောက်တားဆီးရန် တောင်းဆိုသည်။

ယင်းအပြင် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ရုံဖြင့် စစ်တပ်၏ ဗုံးကြဲမှုကို မဟန့်တားနိုင်သကဲ့သို့ အကျိုးအကြောင်းမရှိဘဲ စစ်အုပ်စုနှင့် အလျင်စလို ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုများသည်လည်း ၎င်းတို့အား စစ်ရာဇဝတ်မှုများ ထပ်မံကျူးလွန်ခြင်းမှ ရပ်တန့်စေမည်မဟုတ်ပေကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ဒုတိယအချက်အနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ ခေါင်းဆောင်များသည် နိုင်ငံတကာ ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသောကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ တရားလိုရှေ့နေက မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် ယဉ်ကျေးမှုကို အဆုံးသတ်ရန် မြန်မာနိုင်ငံအခြေအနေကို ICC သို့ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ နစ်နာသူများအတွက် တရားမျှတမှုမရှိဘဲ ရေရှည်တည်ငြိမ်သော ဖြေရှင်းချက် မရနိုငကြောင်း တောင်းဆိုထားသည်။

တတိယအချက်တောင်းဆိုမှုမှာ စစ်အုပ်စု၏ အမည်နှင့် ရာထူးအမည်များကို အမည်ခံပြောင်းလဲနေခြင်းသည် စနစ်တကျ နိုင်ငံရေးပြောင်းလဲမှု မဟုတ်သကဲ့သို့ ငြိမ်းချမ်းရေးအတွက် ကတိကဝတ်ရှိခြင်းလည်း မဟုတ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် အဆိုပါ အမည်ခံပြောင်းလဲမှုများကို အာရုံစိုက်မည့်အစား မြန်မာပြည်သူများ၏ လိုလားချက်များကိုသာ အလေးထားသင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အဓိက တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများက စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက်သို့ ထားရှိနိုင်ရေးနှင့် အကူးအပြောင်းကာလ တရားမျှတမှုစနစ် ထူထောင်နိုင်ရေးအတွက် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ” (SCEFU) မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ကြိုးပမ်းနေသည့် မြန်မာပြည်သူများနှင့် ဦးဆောင်ကောင်စီ (SCEFU) ထံသို့ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ကြပါရန် တိုက်တွန်းနှိုးဆော်သည်။

ယင်းအပြင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၈၈ နိုင်ငံ၏ ပူးတွဲကတိကဝတ် ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း မေလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၈၈ နိုင်ငံက ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ထောက်ခံ အတည်ပြုခဲ့ကြသည်။

အဆိုပါ ကတိကဝတ်တွင် ကုလသမဂ္ဂစနစ်အတွင်း၌ အရပ်သားများ ကာကွယ်ရေးကို ဆက်လက်ဦးစားပေးရန်၊ အဖွဲ့အစည်းအတွင်း အရင်းအမြစ်ဆိုင်ရာ ကျပ်တည်းမှုများ ရှိနေသော်လည်း အရပ်သားများကို အကာအကွယ်ပေးရေးကို နိုင်ငံတကာဥပဒေအရ ဝတ္တရားတစ်ခုအဖြစ်သာမက ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်တစ်ခုအဖြစ်ပါ သတ်မှတ်စောင့်ထိန်းရန် ကတိပြုထားသည်။

ထို့ပြင် လူသားချင်းစာနာမှု အကူအညီများကို အဟန့်အတားမရှိ ရရှိစေရန်၊ ချိုးဖောက်မှုကျူးလွန်သူများကို စနစ်တကျ စုံစမ်းစစ်ဆေး၍ ဖမ်းဆီးထိန်းသိမ်းရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုအား အလေးထားရန်နှင့် အရပ်သားများအား ကာကွယ်စောင့်ရှောက်နေသည့် ဒေသခံပြည်တွင်းအဖွဲ့အစည်းများထံသို့ စီမံခန့်ခွဲရလွယ်ကူသော ငွေကြေးထောက်ပံ့မှုများ တိုက်ရိုက်ပေးအပ်ရန် ကတိကဝတ်ပြုထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article