25 C
Yangon

တာမွေတွင် ရဲအမည်ခံကာ ပေါ်တာဆွဲရန် ကြိုးပမ်းသူကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီး၊ မုံရွာနှင့် ရွှေဘိုတွင် လူငယ် ၉၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်းနေ

Must read

ရန်ကုန်၊ မေ ၂၃

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်း၌ ရဲဝန်ထမ်းအမည်ခံကာ လမ်းသွားလမ်းလာ ပြည်သူများကို ပေါ်တာဆွဲ ဖမ်း ဆီးရန် ကြိုး ပမ်းနေသူတစ်ဦးကို အနီးအနားရှိ ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် လူမှုကွန်ရက်တွင် ပြန့်နှံ့လာသော ဗီဒီယို၏ ဖော်ပြချက်အရ သိရှိရသည်။

ယမန်နေ့ မေလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ် ကွက်အတွင်း၌ ရဲဝန်ထမ်းအမည်ခံကာ လမ်းသွားလမ်းလာ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် ကြိုးပမ်းနေသူတစ်ဦးကို အနီးအနားရှိ ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ရုပ်သံတစ်ခု လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။

အဆိုပါရုပ်သံတွင် ပေါ်တာဆွဲရန် ကြိုးစားခဲ့သူက ၎င်းသည် ရဲဝန်ထမ်းဖြစ်ကြောင်း ပြောဆိုကာ လမ်းအတွင်း သွားလာနေသူများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ပေါ်တာဆွဲ ဖမ်းဆီးရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မသင်္ကာဖွယ် လုပ်ဆောင်နေမှုကို ဒေသခံပြည်သူများက သတိပြုမိပြီးနောက် စုပေါင်းကာ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် ရဲဝန်ထမ်းဆိုသူသည် ၎င်း၏ ရဲတပ်ဖွဲ့ဝင်နံပါတ်ကိုပါ ထုတ်ဖော်ပြောဆိုခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ လမ်းဆုံနှင့်မြို့တွင်း ဂိတ်တို့တွင် အလုပ်သွား အလုပ်ပြန်လာသော လူ ငယ်များကို အကြမ်းဖက် စစ်တပ်က လူငယ် ၄၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးကာ၊ တစ်ဦးလျှင် သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မေလ ၂၀ ရက်နေ့နှင့် မေလ ၂၁ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ လမ်းဆုံနှင့်မြို့တွင်း ဂိတ်တို့တွင် အလုပ်သွား အလုပ်ပြန်လာသော လူငယ်များကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုအကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးသူများသည် အသက် ၂၅ နှစ်အရွယ်ကနေစပြီး အသက် ၃၅ နှစ်အရွယ်ဝန်းကျင်ခန့်ရှိသော အမျိုးသားများဖြစ်ကြပြီး၊ လက်ရှိအချိန်တွင် ပေါ်တာဆွဲဖမ်းဆီးထားသူများကို မုံရွာမြို့ပေါ်ရှိ စုပေါင်းရုံးနှင့် တိုင်းရင်းရုံးတို့တွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။

မုံရွာဒေသခံ ပြည်သူတစ်ဦးက “မေလ ၂၀ ရက်နေ့နှင့် မေလ ၂၁ ရက်နေ့ မုံရွာမြို့ပေါ်ရှိ လမ်းဆုံနှင့်မြို့တွင်း ဂိတ်တို့တွင် အလုပ်သွား အလုပ်ပြန်လာသော လူငယ်များကို စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းဆီးတာက လူငယ် ၄၀ ကျော်လောက်ရှိတယ်။ စစ်ခွေး ဖမ်းဆီးထားသူတွေ အသက်တွေကတော့ အသက် ၂၅ နှစ်အရွယ်ကနေစပြီး အသက် ၃၅ နှစ်အရွယ်ဝန်းကျင်ခန့်ရှိသော အမျိုးသားဖြစ်တယ်လို့ သိရတယ်။”ဟု ပြောဆိုသည်။

“စစ်ခွေးတွေက ဖမ်းဆီးထားသူများကို မိသားစုများနှင့် တွေ့ခွင့်မပေးဘူး။ မိသားစုတွေက ပိုက်ဆံနှင့် ပြန်ရွေးမယ်ဆိုရင် ပိုက်ဆံမရှိတဲ့သူတွေကိုဆိုရင် တစ်ဦးလျှင် သိန်း ၂၀ နဲ့ ပြန်ရွေးခိုင်းတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေဆိုရင် တစ်ဦးလျှင် သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းတယ်။ ရဲခွေးက ပိုက်ဆံနှင့် ပြန်ရွေးခိုင်းတယ်ဆိုတာ စားသောက်ဆိုင်များနှင့် KTV တို့ကို ခေါ်ပြီး သူတို့စားထားတာတွေကို ရှင်းခိုင်းတယ်။ ပြီးတော့ မနက်ကျမှ ရဲခွေးတွေက ပိုက်ဆံနဲ့ ပြန်ရွေးထားတဲ့ လူငယ်ကို အိမ်ကို ကိုယ်တိုင် လိုက်ပို့ပေးတယ်လို့ သိရတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးရတာ လူငယ် ၃ ဦး၊ ၄ ဦးလောက်တော့ရှိတယ်လို့ သိရတယ်။ စစ်ခွေးတွေ ဖမ်းဆီးထားတဲ့သူတွေကို လူငယ် ၄၀ ကျော်ကို မုံရွာမြို့ပေါ်ရှိ စုပေါင်းရုံးနှင့် တိုင်းရင်းရုံး ဖမ်းဆီးထားတယ်လို့ သိရတယ်။ စနေနေ့နှင့် တနင်္ဂနွေနေ့တွေဆိုရင် ရဲခွေးက အကြီးဆုံး လူကြီးကိုယ်တိုင်လိုက်ပြီး အိမ်စီးကားတွေနဲ့ လိုက်ပြီး လူငယ်တွေကို ပေါ်တာဆွဲတယ်။ ပြီးရင် တစ်ခါထဲ နမခထဲပို့တယ်လို့ သိရတယ်”ဟု ၎င်းက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် လမ်းဆုံတို့တွင် အလုပ်သွား အလုပ်ပြန်လာသော လူငယ်များကို အကြမ်း ဖက် စစ်တပ်က အိမ်စီးကားများဖြင့် လူငယ် ၅၀ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့တွင် ရွှေဘိုမြို့နှင့် လမ်းဆုံတို့တွင် အလုပ်သွား အလုပ်ပြန်လာသော လူငယ်များကို အိမ်စီးကားများဖြင့် အကြမ်းဖက် စစ်တပ်က လူငယ် ၅၀ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုအကြမ်းဖက် စစ် တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးသူများသည် အသက် ၂၀ နှစ်အရွယ်ကနေစပြီး အသက် ၃၅ နှစ်အရွယ်ဝန်းကျင်ခန့်ရှိသော အမျိုးသားများ ဖြစ်ကြောင်း သိရှိရသည်။

ရွှေဘိုဒေသခံ ပြည်သူတစ်ဦးက”စစ်ခွေးတွေ တစ်ရက်ထဲကို အလုပ်သွား အလုပ်ပြန်လာသော လူငယ် ၅၀ ဦးကို ပေါ်တာဆွဲဖမ်း ဆီးတယ်။ အိမ်စီးကားတွေနဲ့ ရွှေဘိုမြို့ပေါ်ရှိ နေရာစုံကိုလိုက်ပြီး ပေါ်တာဆွဲဖမ်းဆီးတယ်။ စစ်ခွေးတွေက အလုပ်သွားအလုပ်ပြန်တွေကို ဦးစားပေးဖမ်းတယ်လို့ သိရတယ်။ စစ်ခွေးတွေ ဖမ်းဆီးထားသူများသည် အသက် ၂၀ နှစ်အရွယ်ကနေစပြီး အသက် ၃၅ နှစ်အရွယ်ဝန်းကျင်ခန့်ရှိသော အမျိုးသားဖြစ်တယ်။ စစ်ခွေး ဖမ်းဆီးထားတဲ့ လူငယ်များကို မိသားစုများနှင့် တွေ့ခွင့်မပေးဘူး။ လက်ရှိမှာ စစ်ခွေး ဖမ်းဆီးထားသူများကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကို ကျွန်တော်တို့ စုံစမ်းဆဲပါ”ဟု ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ရန်ကုန်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ကြီးများပေါ်တွင် အိမ်စီးကားများ၊ အရပ်ဝတ်များကို အသုံးပြု၍ လမ်းသွားလမ်းလာနှင့် အလုပ်သွားအလုပ်ပြန် ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြင်းလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေကြောင်း သိရသည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း ကျောက်မြောင်းတွင် ပေါ်တာဆွဲနေသော ရဲအယောင်ဆောင်သူကို ပြည်သူများက ၀ိုင်းဝန်း ဖမ်းဆီးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article