ရန်ကုန်၊ မေ ၂၃
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်သားများ မိုင်းထိသေဆုံးသူများပြားနေပြီး ရုပ်အလောင်းများကို ချင်းတွင်းမြစ်ထဲ စွန့်ပစ်နေခြင်းကြောင့် အလောင်းများ မြစ်ထဲမျောပါလာနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းနှင့် ချောင်းမ-ကနီ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ ထိုစစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များလည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုင်သေဆုံးသူများပြားကာ ထွက်ပြေး အလင်းဝင်ရောက်ခဲ့သူများလည်း ရှိကြောင်း သိရသည်။
ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတောက်လျောက်တွင်လည်း တော်လှန်ရေးတပ်က ထောင်ထားသော မိုင်းများ ထိမှန်ပြီး ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း၊ ယင်းသို့ သေဆုံးသွားသော စစ်သားအလောင်းများကို ချင်းတွင်းမြစ်ထဲ စွန့်ပစ်ခြင်းကြောင့် အလောင်းများ မြစ်ထဲမျောပါလာမှုများရှိကြောင်း၊ ထိုသို့ မိုင်းမိသေဆုံးသော စစ်သား ၅၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူများကိုလည်း လမ်းပိုင်းတွင် စွန့်ပစ်မှုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ချင်းတွင်းမြစ်ထဲ မျောပါလာတဲ့ စစ်ခွေး အလောင်းတွေက ကနီမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ခွေးတွေပါ။ စစ်ကြောင်းထိုးရင်း မိုင်းမိသေဆုံးတဲ့ စစ်ခွေးအလောင်းတွေကို ချင်းတွင်းမြစ်ထဲ ဒီအတိုင်းမျှောပစ်နေတာ အသုဘ အခမ်းအနား မလုပ်ဘဲ ငါးစာကျွေးနေတာ မိုင်းမိ သေဆုံးတဲ့ စစ်ခွေးက ၅၀ ကျော်တယ်။ ဒဏ်ရာရတဲ့ကောင်တေတွလည်း တဖြုတ်ဖြုတ်သေနေတယ်။ စစ်ခွေးစစ်ကြောင်းက ထွက်ပြေးလာသူတွေရှိသလို ဒဏ်ရာရသူတွေကို ထမ်းမခေါ်ဘဲ လမ်းမှာ စွန့်ပစ်ထားခဲ့တာတွေလည်းရှိတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေလယ်ကျွန်းပျူစောထီးစခန်း၊ ချောင်းမရွာနှင့် ချောင်းမ-ကနီ လမ်းပိုင်းတွင် ဆက်လက် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာပေါင်း ၂၈ ခုမှ ပြည်သူ ၂၄၆၈၉ ဦးသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။
ကနီမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထားဆဲဖြစ်ပြီး ကျေးရွာများကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးကာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ နေအိမ် ၂၀ ခန့်နှင့် စစ်ရှောင်တဲ ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးထားသေးကြောင်း သိရှိရသည်။






