25 C
Yangon

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမား ကိုအောင်ဇော်ကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ထိုင်းလူငယ် ၄ ဦးကို ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ မေ ၂၃

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရက်ချာဆီမာခရိုင်ရှိ အမှိုက်စွန့်ပစ်ရာနေရာတစ်ခုတွင် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသားအလုပ်သမား ကိုအောင်ဇော်ကို ဝိုင်းဝန်းရိုက်နှက်၍ ဓားဖြင့်ထိုးသတ်ခဲ့မှုဖြင့် အသက် ၁၃ နှစ်မှ ၁၉ နှစ်အရွယ်ရှိ ထိုင်းလူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရှိရသည်။

မေလ ၂၀ ရက်နေ့ ညနေပိုင်း နခွန်ရက်ချာဆီမာခရိုင်၊ မောင်မြို့နယ် (Muang District) အတွင်းရှိ သနွန်ချီရာ (Thanonchira) မီးရထားသံလမ်းအနီးရှိ အမှိုက်စွန့်ပစ်ရာနေရာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံး သူ မြန်မာနိုင်ငံသား အောင်ဇော် မှာ အမှိုက်ပုံ၊ ဆိုဖာအဟောင်းတစ်ခုအနီးတွင် ရင်ဘတ်၌ ဓားထိုးဒဏ်ရာဖြင့် သွေးအိုင်ထဲတွင် လဲကျနေခဲ့ကြောင်း၊ ၎င်းသည် သေဆုံးခြင်းမရှိမီ ၎င်း၏အိတ်ကို တင်းကျပ်စွာဆုပ်ကိုင်၍ အကူအညီတောင်းခံရန် ကြိုးစားခဲ့သေးကြောင်း သိရှိရသည်။

ရဲမှူးကြီး သီရိချိုင်၏ ပြောကြားချက်အရ ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားကို မဟာရတ် နခွန်ရက်ချာဆီမာ ဆေးရုံ (Maharat Nakhon Ratchasima Hospital) သို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

ရဲတပ်ဖွဲ့သည် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရှည် ၁၄ စင်တီမီတာရှိသော ဓားတစ်စင်းနှင့်အတူ ပြစ်မှုကျူးလွန်သူ ထိုင်းလူငယ် ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအနက် အသက် ၁၉ နှစ်အရွယ်ရှိ ပါပန်ကွန် (Papangkorn) ဆိုသူက ၎င်းကိုယ်တိုင် သေဆုံးသူကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံတွင် ဝန်ခံထွက်ဆိုထားသည်။

ကျန်ရှိသည့် အသက် ၁၅ နှစ်အရွယ် လူငယ်နှစ်ဦးက သေဆုံးသူအား ဝိုင်းဝန်းကန်ကျောက်ခဲ့ကြပြီး အသက် ၁၃ နှစ်အရွယ် လူငယ်ကမူ ဆိုင်ကယ်စီးဦးထုပ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ထွက်ဆိုထားကြသည်။

အဆိုပါ လူငယ် ၄ ဦးအနက် အသက်အကြီးဆုံးဖြစ်သူ ပါပန်ကွန်မှာ ခိုးမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီး ပြီးခဲ့သည့်လကမှ ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦး ဖြစ်ကြောင်း၊ ကျန်ရှိသည့် လူငယ် ၃ ဦးမှာမူ ယခင်က ပြစ်မှုမှတ်တမ်းတစ်စုံတစ်ရာ မရှိခဲ့ဖူးသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article