ရန်ကုန်၊ မေ ၂၆
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၄ သန်းကျော်က ၁ နှစ်လျှင် ဝယ်ယူနိုင်စွမ်းမှာ ထိုင်းဘတ်ငွေ ၂၂၁ ဘီလီယံအထိ ရှိနေပြီး ဝယ်နိုင်စွမ်းအား အကောင်းဆုံးစျေးကွက်သစ်ကြီးတစ်ခုဖြစ်ကြောင်း ထိုင်းနိုင်ငံမှ စျေးကွက် သုတေသနအဖွဲ့ Happio ကုမ္ပဏီက ထုတ်ပြန်လိုက်သော လေ့လာမှုအစီရင်ခံစာအရ သိရှိရသည်။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသား ၄ သန်းကျော်၏ တစ်နှစ်တာ သုံးစွဲမှုဈေးကွက်မှာ ထိုင်းဘတ် ၂၂၁ ဘီလီယံအထိ ရှိနေပြီး၊ ယင်းမှာ ထိုင်းပြည်တွင်းကုမ္ပဏီများ သတိမထားမိဘဲ လက်လွတ်စပြုနေသည့် ဝယ်ယူနိုင်စွမ်းအား အကောင်းဆုံး ဈေးကွက်သစ်ကြီးတစ်ခု ဖြစ်နေကြောင်း အဆိုပါ စျေးကွက်သုတေသနအဖွဲ့က ထောက်ပြသည်။
Happio ကုမ္ပဏီက ထုတ်ပြန်လိုက်သော “၂၀၂၆ ခုနှစ် ထိုင်းနိုင်ငံတွင်းရှိ မြန်မာဈေးကွက်- ဘတ် ၂၂၁ ဘီလီယံကျော်သို့ ရောက်ရှိခြင်း” အမည်ရှိ အစီရင်ခံစာတွင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများသည် ယခင်ကဲ့သို့ လုပ်အားခသက်သက်သာရရှိသည့် အခြေခံအလုပ်သမားအဆင့်မှသည် စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်လုပ်သားများနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်လိုသည့် မိသားစုများအဖြစ်သို့ ပြောင်းလဲတိုးတက်လာနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ မြန်မာနိုင်ငံသားများက ရှာဖွေရရှိသော စုစုပေါင်းဝင်ငွေ၏ ၆၅ ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံတွင်း စီးပွားရေးစနစ်ထဲ၌ပင် ပြန်လည်သုံးစွဲနေကြခြင်း ဖြစ်သည်ကြောင်း ထောက်ပြထားသည်။
Happio ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် နာသီ ဂျာရာယာဘန် (Natee Jarayabhand) က “ဒီနေ့ခေတ် ထိုင်းနိုင်ငံထဲက မြန်မာစားသုံးသူဈေးကွက်ဟာ အစွန်အဖျားက အသေးအဖွဲကဏ္ဍတစ်ခု မဟုတ်တော့ပါဘူး။ ပြည်တွင်းက ကုန်ပစ္စည်းဝယ်ယူနိုင်စွမ်းအားကို မောင်းနှင်ပေးနေတဲ့ အဓိကအင်ဂျင်စက်ကြီး ဖြစ်နေပါပြီ။ ထိုင်းအမှတ်တံဆိပ် တော်တော်များများကတော့ မြန်မာလူမျိုးတွေကို အလုပ်သမားအဆင့်ပဲလို့ အရင်အတွေးဟောင်းတွေနဲ့ ကြည့်နေတုန်းပါပဲ။ တကယ်တော့ သူတို့ဟာ နေထိုင်မှုအဆင့်အတန်း မြှင့်တင်ဖို့အတွက် ငွေကြေးအမြောက်အမြား သုံးစွဲနေကြတဲ့ စားသုံးသူအသစ်တွေ ဖြစ်လာနေပါပြီ။ ဒီအချက်ကို အမိအရဖမ်းဆုပ်နိုင်တဲ့သူကပဲ ဒီဘတ်ဂျက်အမြောက် အမြားကို ရရှိသွားမှာပါ”ဟု ထုတ်ဖော်ပြောဆိုသည်။
အဆိုပါ လေ့လာမှုအရ မြန်မာလူမျိုးများ သုံးစွဲမှုအများဆုံး ပြုလုပ်နေသည့် အဓိကကဏ္ဍကြီး ၄ ခု၏ စျေးကွက်ရှိနေပြီး အဖျော်ယမကာကဏ္ဍတွင် ၁ နှစ်သုံးစွဲမှု ထိုင်းဘတ်ငွေ ၅၉ ဒသမ ၂ ဘီလီယံ ရာခိုင်နှုန်းအားဖြင့် ၁၇ ဒသမ ၄ ရာခိုင်နှုန်း၊ အိမ်ရာနှင့် နေထိုင်စရိတ်တွင် ၁ နှစ်သုံးစွဲမှု ထိုင်းဘတ်ငွေ ၄၆ ဒသမ ၈ ဘီလီယံ ရာခိုင်နှုန်းအားဖြင့် ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ဒစ်ဂျစ်တယ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုတွင် ၁ နှစ်သုံးစွဲငွေ ထိုင်းဘတ်ငွေ ၂၄ ဒသမ ၇ ဘီလီယံ ရာခိုင်နှုန်းအားဖြင့် ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အကြား၊ ကျန်းမာရေးနှင့် ဆေးဝါးစရိတ်အတွက် ၁ နှစ်သုံးစွဲငွေ ထိုင်းဘတ်ငွေ ၁၉ ဒသမ ၇ ဘီလီယံ ရာခိုင်နှုန်း ၅ ရာခိုင်နှုန်း အသုံးပြုနေကြောင်း၊ ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းကျော်မှာ ကုန်စုံဆိုင်များ၊ အခြေခံဝန်ဆောင်မှုများနှင့် စတိုးဆိုင်ကြီးများဆီသို့ တိုက်ရိုက်စီးဝင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
“Natty Loves Myanmar” ပလက်ဖောင်းကို တည်ထောင်သူ အိုရာဝီ တန်မီးဆန်း (Orawee Tangmeesang) ကလည်း မြန်မာစားသုံးသူများကို ဆွဲဆောင်ရန်အတွက် ဈေးနှုန်းချိုသာမှုတစ်ခုတည်းဖြင့် မလုံလောက်တော့ကြောင်း ထောက်ပြထားသည်။
“အခုခေတ် ထိုင်းရောက် မြန်မာတွေဟာ ပစ္စည်းတစ်ခုကို ဈေးပေါရုံနဲ့တင် မဝယ်တော့ပါဘူး။ အမှတ်တံဆိပ်ရဲ့ အရည်အသွေး၊ လူမှုအသိုင်းအဝိုင်းကြားမှာ ယုံကြည်ရမှုနဲ့ ၎င်းတို့ရဲ့ ယဉ်ကျေးမှုကို အသိအမှတ်ပြုမှုတွေအပေါ် ကြည့်ပြီး ရွေးချယ်လာကြတာပါ။ အထူးသဖြင့် မြန်မာလူမျိုးတွေဟာ လူမှုကွန်ရက် (Social Media) ကို နေ့စဉ်အသုံးချပြီး တစ်ဦးနဲ့တစ်ဦး အချိတ်အဆက် အလွန်အားကောင်းတဲ့ အသိုင်းအဝိုင်းတွေနဲ့ နေထိုင်ကြတာမို့၊ ပါးစပ်ရာဇဝင် (Word-of-mouth) နဲ့ အချင်းချင်း ထောက်ခံချက်ပေးတာဟာ အလွန်အရေးကြီးပါတယ်။ လူထုအဆင့်မှာ အမှတ်တံဆိပ်အပေါ် သစ္စာရှိအောင် လုပ်နိုင်ရင် စားသုံးသူအသစ်တွေကို အဆမတန် အလွယ်တကူ တိုးချဲ့ရရှိနိုင်မှာပါ”ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံအတွင်း ဒေသအလိုက် ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံသားများ၏ ဝယ်ယူနိုင်စွမ်းအားစုစုပေါင်း၏ ၃၁ ရာခိုင်နှုန်း ၈ ရာခိုင်နှုန်းမှာ ဘန်ကောက်နှင့် ဆင်ခြေဖုံးမြို့နယ်များတွင် ရှိနေကြောင်း၊ ဝယ်ယူနိုင်စွမ်း ၃၉ ဒသမ ၂ ရာခိုင်နှုန်းမှာမူ ထိုင်းအလယ်ပိုင်းဒေသများတွင် ရှိနေကြောင်း၊ အထူးသဖြင့် စက်မှုဇုန်ကြီးဖြစ်သည့် စမူဆာခွန် (မဟာချိုင်) အပြင် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်ကြသော တာ့ခ် (မဲဆောက်) နှင့် ရနောင်းမြို့များ သည် ကုန်ပစ္စည်းအရောင်းမြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အလားအလာအကောင်းဆုံး နေရာများ ဖြစ်ကြောင်း သိရှိရသည်။
အစီရင်ခံစာ၏ နောက်ဆုံးကောက်ချက်တွင် ထိုင်းကုမ္ပဏီများအနေဖြင့် ကြော်ငြာစာသားများကို ဗမာဘာသာသို့ ပြန်ဆိုရုံမျှသာ လုပ်ဆောင်သည့် ဗျူဟာများမှ ရုန်းထွက်ရတော့မည်ဖြစ်ပြီး၊ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုနောက်ခံနှင့် ၎င်းတို့ ကြုံတွေ့နေရသည့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကို အမှန်တကယ် နားလည်သည့် ဗျူဟာများဖြင့် ချဉ်းကပ်မှသာ လာမည့်အနာဂတ်တွင် ယင်းဈေးကွက်သစ်ကြီးကို ရေရှည်လက်ဝါးကြီးအုပ် ရရှိနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းအသိပေးထားသည်။
ဓာတ်ပုံ- ၂၀၂၂ ခုနှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- ရိုက်တာ။




