ရန်ကုန်၊ မေ ၂၆
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် အင်အား ၁၀၀၀ ခန့် ရောက်ရှိနေပြီး ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကာ စစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်သားတချို့ကိုလည်း PDF တပ်က ဖမ်းဆီးရမိထားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၃ ရက်နေ့တွင် မင်းတုန်းမြို့အနောက်ဘက်ရှိ ရခိုင်ရိုးမအခြေ၌ရှိသော ပြောင်းရွာဘက်ကို အင်အား ၄၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တပ်ဖြန့်ကာ တပ်စွဲထားကြောင်း၊ မေလ ၂၄ ရက်နေ့တွင် မင်းတုန်းမြို့ပေါ်၌ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လက်နက်ကို တပ်ဆင်နေပြီး လက်နက် ခဲယမ်းများကို မင်းတုန်းမြို့ အားကစားရုံတွင် ဖြည့်တင်းကာ စားနပ်ရိက္ခာများကို မင်းတုန်းမြို့ သာသနာ့ဗိမ္မာန်တွင် ဖြည့်တင်းထားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့ပေါ်ရှိ လယ်ထွန်းစက်ပိုင်ရှင်များနှင့် မြေတူးစက် ပိုင်ရှင်များကို စက်များ မင်းတုန်းမြို့ အမှတ် ၂ ရဲစခန်း၌ လာရောက်အပ်နှံရန်လိုက်လံ ပြောဆိုပြီးနောက် မေလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်သားများက စက်များကို လိုက်လံ သိမ်းယူနေကြောင်း သိရှိရသည်။
ထို့ပြင် မင်းတုန်းမြို့ကိုလည်း တွဲကား ၂ စီးဖြင့် စားနပ်ရိက္ခာများ ၊ လက်နက်ခဲယမ်းများ ထပ်မံ ပို့ဆောင်နေပြီး လက်ရှိချိန်တွင် မင်းတုန်းမြို့ပေါ်၌ စစ်သား အင်အား အနည်းငယ်သာ ကျန်ရှိတော့ပြီး စစ်ကြောင်းများ ဖြန့်ခွဲထားကြောင်း၊ အင်အားဖြန့်ခွဲထားသော စစ်တပ် စစ်ကြောင်းတွင် ဒရုန်းအကြီးများ ၊ ၁၂၀ မမ လက်နက် ခဲယမ်း အများအပြား ပါရှိပြီး ဗျူဟာမှူးက ဦးစီးနေသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
မေလ ၂၅ ရက်နေ့ကလည်း မင်းတုန်းမြို့နယ် အနောက်ဘက် ရခိုင်ရိုးမ အခြေရှိ ပြောင်းရွာ၌ ယခင်က အထိုင်ချနေသည့် စစ်သား ၂ ဦးသည် ၎င်းတို့ပျော်ပါးရန် ခေါ်ထားသော ပြည့်တန်ဆာ အမျိုးသမီး ၂ ဦးနှင့် အတူ ထွက်ပြေးသွားသောကြောင့် စစ်တပ်က လိုက်လံ ရှာဖွေနေပြီး ထွက်ပြေးသူ ၄ ဦးလုံးကို PDF တပ်ဖွဲ့က ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိထားကြောင်း သိရှိရသည်။
ယင်းသို့ ထွက်ပြေးသွားသော စစ်သားများကို လိုက်လံရှာဖွေရင်း စစ်တပ် စစ်ကြောင်းသည် ဖန်ရောင်ကျေးရွာဘက်သို့ ရောက်ရှိလာပြီး ရွာထဲ၌ သေနတ်များပစ်ဖောက်ပါ ဆဲဆို ကျိန်းမောင်းသွားကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ပြောင်းရွာမှ နေ၍ အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ရမ်းသမ်း ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ရခိုင်ရိုးမခြေရှိ သဖန်ရောင်ရွာနှင့် ထန်းပင်ကုန်းရွာ၌ တပ်စွဲထားသော စစ်သားများသည် ၎င်းတို့ တူးဖော်ထားသော ကတုပ်ကျင်းနှင့် စက်သွယ်ရေးမြောင်းများကို မြေပြန်ဖို့ပြီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် ထန်းပင်ကုန်းရွာ အရှေ့မြောက်ဘက်သို့ ဦးတည်ထွက်လာကာ ကျန်စစ်သားများသည် ပြောင်းရွာရှိ စစ်သားများနှင့် သွားရောက်ပူးပေါင်းထားကြောင်း သိရှိရသည်။
“အခုမင်းတုန်းနယ်ထဲမှာ လှုပ်ရှားနေတဲ့ စစ်ကြောင်းက အင်အား ၁၀၀၀ လောက်ရှိတယ်။ ရခိုင်ရိုးမဘက်ကို ဘယ်တော့ စစ်ကြောင်းထိုးမလဲတော့ မသိသေးဘူး။ စစ်ခွေးစစ်ကြောင်း ဘယ်ကိုဆက်ပြီး လှုပ်ရှားမယ်ဆိုတော့ စောင့်ကြည့်နေတုန်းပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဧပြီလလယ်ပိုင်းအတွင်းမှစတင်၍ မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမတောင်ခြေရှိ ကျေးရွာများသို့ စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် မေလ ၁၈ ရက်နေ့တွင်လည်း မင်းတုန်းမြို့အနီးတဝိုက်နှင့် သရက်-မင်းတုန်းလမ်းပိုင်းတို့တွင် အင်အား ၂၀၀ ခန့်ဖြင့် ထပ်မံတပ်ဖြန့်ကာ နေရာယူခဲ့ကြောင်း၊ ထို့ပြင် ယနေ့ မေလ ၂၂ ရက်နေ့တွင်လည်း မကွေးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့မှ စစ်ကောင်စီတပ်သား အင်အား ၃၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့သည့်အပြင် သရက်မြို့မှလည်း အင်အား ၃၀၀ ခန့် မင်းတုန်းမြို့ဘက်သို့ ထပ်မံစစ်ကြောင်းထိုး တက်လာခဲ့ကြောင်း၊ ထို့သို့ စစ်ကြောင်းများ လှုပ်ရှားနေသည့်အတွက် မြေပြင်တွင် စစ်ရေးတင်းမာနေပြီး ယင်းစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်နေ၍ သရက်-မင်းတုန်း လမ်းပိုင်းကို အသုံးမပြုရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်




