26 C
Yangon

KIA၊ KNU ၊ CNF ၊ ကရင်နီနှင့် PDF တပ်များ ပါဝင်သော ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEF ၏ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး စစ်ရေးဦးဆောင်သူ ၁၀ ဦးဖြင့် တစ်မိန့်၊ တစ်ဗျူဟာကျင့်သုံး ၍ နိုင်ငံတစ်ဝန်း စစ်ရေး စတင်အကောင်အထည်ဖော်

Must read

ရန်ကုန်၊ မေ ၂၆

ကချင်KIA၊ ကရင်KNU ၊ ချင်းCNF ၊ကရင်နီနှင့် PDF တပ်များ ပါဝင်နေသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းပေါင်းစပ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီး တစ်မိန့်၊ တစ်ဗျူဟာဖြင့် နိုင်ငံတစ်ဝန်း စစ်ရေး စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထုတ်ဖော်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တင်ဆက်လျက်ရှိသော ပြည်သူမှ ပြည်သူသို့ တွေ့ဆုံမေးမြန်းခန်းတွင် ဒေါက် တာဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF ကို ဖွဲ့စည်းခဲ့ပြီးနောက် ကဏ္ဍကြီး ၄ ခုတွင် အားလုံးတစ်စုတစ်စည်းတည်း၊ တစ်သံတည်းဖြင့် လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ ယင်းကဏ္ဍ ၄ ခုတွင် စစ်ရေးကဏ္ဍလည်း ပါဝင်ပြီး စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းပေါင်းစပ်ရေးကော် မတီကို ဖွဲ့စည်းထားကြောင်း၊ စစ်ရေးညှိနှိုင်းပေါင်းစပ်ရေးကော်မတီတွင် တိုက်ပွဲဝင်နေသော တော်လှန်ရေးတပ် များမှ ဗိုလ်ချုပ်များ၊ တော်လှန်ရေးတပ်အသီးသီးမှ စစ်ရေးဦးဆောင်သူ ၁၀ ဦးဖြင့် ဖွဲ့စည်းထားပြီး တစ်မိန့်၊ တစ်ဗျူဟာဖြင့် စုစုစည်းစည်း စစ်ရေး ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။

“စစ်ရေးဗျူဟာအရ အဆုတ်၊ အတက်တွေရှိပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေး စစ်ရေးစုဖွဲ့မှုက ခိုင်မာလာတယ်။ Steering Council ကောင်စီမှာဆိုရင် စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီဆိုတာ ဖွဲ့ထားတယ်။ ဗိုလ်ချုပ်တွေ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေးဦးဆောင်တဲ့သူ ၁၀ ဦးနဲ့ ဖွဲ့ထားတဲ့ ကော်မတီနဲ့ အခုဆိုရင် သွားနေတာဖြစ်တယ်။ SCEF ဆိုတာက နိုင်ငံရေး စာရွက်တစ်ရွက်မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်မှု။ ခုနက ပြောသလို စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးဆိုတာ တစ်နိုင်ငံလုံးကို Command တစ်ခုတည်းနဲ့ မဟာဗျူဟာ တစ်ခုတည်းနဲ့ သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်မှုမျိုး အကောင် အထည်မှုမျိုး ဘယ်တုန်းကမှ မရှိခဲ့သေးဘူးဆိုတာ ကိုပြောချင်တယ်။ အရင်တုန်းက ဘုံသဘောတူညီချက်ပဲ ကြေညာနိုင်ခဲ့တယ်။ အခုဟာက အတူတူ အလုပ်လုပ်နေတယ်” ဟု NUG ပြည်ထောင်စုဝန်ကြီး ဒေါက် တာ ဇော်ဝေစိုးက ရှင်းပြသည်။

ယင်းအပြင် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ-SCEF က အဖွဲ့တွင် ပါဝင်ခြင်းမရှိသေးသော အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်များ ပါဝင်လာနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများရှိနေကြောင်း၊ လတ်တလော မပါဝင်နိုင်သေးသော တော်လှန်ရေးတပ်များနှင့်လည်း အလုပ်များ၊ စစ်ရေးအရ အတူတူ ပူးတွဲ လုပ်ဆောင်လျက်ရှိကြောင်း သူက ရှင်းပြသည်။

“စုဖွဲ့မှု ကောင်းကောင်းနဲ့ စစ်အာဏာရှင်ကို ဖယ်ရှားတဲ့အပြင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက်လည်း အခြေခံ အုတ်မြစ်တွေ တည်ဆောက်မယ်ဆိုပြီးတော့ ဖွဲ့စည်းမှု ဖြစ်တဲ့အတွက် သိပ်ကို ကျနော်တို့ နိုင်ငံရဲ့ အနာ ဂတ်အတွက်ရော လက်ရှိ ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးအတွက်ရော သိပ်ကို အားကောင်းတယ်။ အရေးကြီးတယ်လို့ ပြောချင်တယ်။ စုဖွဲ့မှုက အပိတ်မဟုတ်ဘူး။ ဒီအဖွဲ့ ၆ ဖွဲ့နဲ့တင် ဖွဲ့စည်းတာမဟုတ်ဘဲ ကြေညာချက်ထုတ်တုန်းကလည်းပါတယ်။ ကနဦး စတင်ဖွဲ့စည်းလိုက်သည်ဆိုတဲ့ ကြေညာချက်ပါတယ်။ ကနဦးစတင်ဖွဲ့စည်းတဲ့ ဒီအဖွဲ့တွေကို အခြေခံပြီးတော့ အခုအချိန်မှာ တော်လှန်ရေးနဲ့ အတူ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကို ထပ်ပြီးတော့ တိုးချဲ့ ဖွဲ့စည်းနိုင်ဖို့ နေ့စဉ်တွေ့ဆုံမှုတွေ ဆွေးနွေးမှုတွေ လုပ်နေတယ်။ ဒါလည်းပဲ SCEF ရဲ့ ရည်မှန်းချက်ဖြစ်တယ်။ တချို့အဖွဲ့တွေက လက်တွေ့ အလုပ်လုပ်တွေ လုပ်နေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အတူတူ တော်လှန်ရေးလုပ်နေပေမယ့် ဒီအထဲကို ပါဝင်ဖို့ အခက်အခဲရှိနေတဲ့ အဖွဲ့အစည်းတွေကိုလည်း နေ့စဉ်တွေ့ဆုံ ဆွေးနွေးပြီး အတူတကွ တိုက်ပွဲဝင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ Steering Council ကောင်စီနဲ့ပတ်သက်ပြီး ပြောပြချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆက်လက်ရှင်းပြသည်။

၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး SCEF ကောင်စီက ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း EROs၊ ဒီမိုကရေစီအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ သဘောထားများ ပါဝင်သည့် “စုပေါင်းခေါင်းဆောင်မှု (Collective Leadership)” ဖြင့် ဖော်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။

SCEF ကောင်စီတွင် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားအသိ အမှတ်ပြုကာ “မူဝါဒတစ်ရပ်တည်း၊ မဟာဗျူဟာတစ်ရပ်တည်း – One Policy, One Strategy” ကို ကျင့်သုံးသွားမည်ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကို ဟန်ချက်ညီညီ ပူးတွဲဖော်ဆောင်ကာ ရည်မှန်းချက်ပန်းတိုင်သို့ မဟာမိတ်အင်အားစုများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

SCEF ကောင်စီတွင် KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်ပြီး ယင်းကောင်စီဖွဲ့စည်းခြင်း အခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နှင့် ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အဖွဲ့ဝင်များ အပါအဝင် တော်လှန်ရေးအင်အားစုများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article