26 C
Yangon

ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးမှု AA နှင့်မပတ်သက်ဘဲ မွတ်စလင်လက်နက်ကိုင်များ စိုးမိုးသောနေရာတွင် ဖြစ်ပွားဟု AA က သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၂၆

ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်စပ်၊ မြန်မာနိုင်ငံဘက်အခြမ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့်ဖြစ်စဉ်သည် မိမိတို့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ မွတ်စလင်လက်နက်ကိုင်အဖွဲ့များ စိုးမိုးလှုပ်ရှားရာနေရာ၌ ဖြစ်ပွားခဲ့ခြင်းသာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ယနေ့ မေလ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ ဘန်ဒရီဘန် (Bandarban) ခရိုင်၊ နိုင်ခေံဆရီ (Naikhyangchari) မြို့နယ် (ရက္ခိုင်အခေါ် နတ်ကျောက်ဆရီမြို့နယ်)၊ ဂမ်ဒမ် (Gumdhum) ကျေးရွာအုပ်စုအတွင်းရှိ နယ်စပ်စည်းမျဉ်း (Zero Line) ၏ မြန်မာနိုင်ငံဘက်ခြမ်းတွင် မေလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မြေမြှုပ်မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဒေသခံဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူများမှာ အသက် ၄၁ နှစ်အရွယ် လေယာရာ ချက္ကမာ (Leyara Chakma)၊ အသက် ၅၀ နှစ်အရွယ် အောင်ကျေမောင် (Aung Kye Mong) နှင့် အသက် ၄၀ အရွယ် ချင်းကျေမောင် (Ching Kye Mong) တို့ဖြစ်ပြီး ၎င်းတို့အားလုံးမှာ ဂမ်ဒမ်ကျေးရွာအုပ်စု၊ ဘာလုကီယာပါရာ (Bhalukiapara) ကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်များကို ခုခံကာကွယ်နေရသည့် အခြေအနေကို အခွင့်ကောင်းယူကာ ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ်၌ ကူးလူးသွားလာ လှုပ်ရှားနေကြသော ARSA၊ ARA နှင့် RSO အစရှိသည့် လက်နက်ကိုင်အဖွဲ့များက နယ်စပ်တစ်လျှောက်နှင့် အာရက္ခဒေသရှိ အရပ်သားပြည်သူများ သွားလာတတ်သည့် တောတောင်လမ်းများတွင် မိုင်းထောင်ခြင်း၊ မိုင်းထောင်ရန် ကြံစည်ခြင်း၊ အရပ်သားများကို ဖမ်းဆီးငွေညှစ်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ကာလအတန်ကြာ ပြုလုပ်နေကြကြောင်း AA က ထောက်ပြထားသည်။

ထို့ပြင် အဆိုပါ မွတ်စလင်လက်နက်ကိုင်များ ထောင်ထားသည့် မိုင်းများကြောင့် နယ်စပ်တစ်လျှောက် သွားလာနေကြသော နှစ်ဖက်ဒေသခံပြည်သူများ မိုင်းနင်းမိ၍ သေဆုံး၊ ဒဏ်ရာရမှုများ ရှိနေပြီး အခင်းဖြစ်ပွားခဲ့သည့် မေလ ၂၄ ရက်နေ့ မိုင်းပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ရသည့်အပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်း ULA/AA က ဆိုသည်။

ARSA၊ ARA နှင့် RSO အစရှိသည့် အဖွဲ့များက ၎င်းတို့၏ ဝါဒဖြန့်မီဒီယာအချို့က အဆိုပါမိုင်းများကို ULA/AA မှ ထောင်ထားခြင်းဖြစ်သည်ဟု မဟုတ်မမှန် လုပ်ကြံလီဆယ်၍ ရေးသားဖော်ပြနေကြကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် နယ်စပ်အခြမ်းနေရာသည် ULA/AA နှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိဘဲ အဆိုပါအဖွဲ့များ ကျင်လည်ကျက်စား လှုပ်ရှားရာ နေရာဖြစ်သည့်အပြင် တိုင်းရင်းသားပြည်သူများအား ထိုအဖွဲ့များမှ မသွားလာရန် ကန့် သတ်ထားသည့် နယ်မြေတစ်ခုသာဖြစ်ကြောင်း အတိအလင်း ငြင်းဆိုထားသည်။

ထို့ကြောင့် နယ်စပ်ဒေသတစ်လျှောက် တောတောင်ထဲသို့ သွားလာရာတွင် မွတ်စလင်လက်နက်ကိုင်များ ထောင် ထားသည့် မိုင်းအန္တရာယ်များကို အထူးသတိပြုသွားကြရန် ရခိုင်ပြည်သူများအား တိုက်တွန်းထားပြီး၊ ဒေသတွင်း မိုင်းအန္တရာယ်နှင့် အကြမ်းဖက်မှုဘေးအန္တရာယ်များကို ကာကွယ်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ အပါအဝင် နိုင်ငံတကာ အကြမ်းဖက်တိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင့်သင့်ရှိကြောင်း AA ကဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ၂၇၁ ကီလိုမီတာရှည်လျားသည့် နယ်စပ်စည်းမျဉ်းကို အတူတကွ မျှဝေထားကြပြီး လက်ရှိတွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်စပ်ဒေသတစ်ခုလုံးနီးပါးကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားကာ မြန်မာစစ်တပ်မှာမူ အခြေစိုက်လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

လက်ရှိ တိုက်ပွဲများကြောင့် အဆိုပါ နယ်စပ်ဒေသတစ်လျှောက်၌ မြေမြှုပ်မိုင်းပေါက်ကွဲနိုင်ခြေ အန္တရာယ် အလွန်မြင့်မားနေဆဲဖြစ်သဖြင့် ပြည်သူများအနေဖြင့် နယ်စပ်စည်းမျဉ်း (Zero Line) အနီးတစ်ဝိုက်သို့ သွားလာခြင်းမပြုရန် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကလည်း သတိပေးတားမြစ်ထားသည်။

ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် တွေ့ရသည့် ဘင်္ဂလားဒေ့ရှ်အစိုးရလက်အောက်ခံ တပ်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

Photo- Reuters ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article