ရန်ကုန်၊ မေ ၂၆
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာ ၂ ခုကို အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၆ ရက်နေ့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးက မြင်းမူမြို့နယ်၊ ပဒတ္တိုင်းကျေးရွာနှင့် ငါးကင်းကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာပါ။ မြင်းမူမြို့နယ် ပဒတ္တိုင်းကျေးရွာက ပြည်သူ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာ ၃ ဦးရှိတယ်။ ငါးကင်း ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာလေးရှိပါတယ်။ နေအိမ်ပျက်စီးမှုကတော့ အတိအကျ ကျွန်တော်တို့ မသိသေးဘူး။ ထိခိုက် ဒဏ်ရာရတဲ့ ကလေးငယ်က စိုးရိမ်ရတဲ့ အနေအထားရှိတယ် “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာရှိ စတားလင့် အင်တာနက် အသုံးပြုနေသော နေရာနှင့် ဆီကျိတ်စက်ပေါ်ကို အကြမ်းဖက် စစ်တပ်၏ မုံရွာ နမခ မှ တက်လာသော စက်တပ်လေထီး ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့သည်။
ထို့ပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၆ ရက်နေ့တွင် ဆိပ်ဖြူနယ် ကပစ ၂၂ မှ ထွက်လာသော အင်အား ၂၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုသိမ်-မုံရွာ လမ်းမပိုင်းမှ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာခြင်းကြောင့် သပြေရေကျေးရွာမှ ရာနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ဆိပ်ဖြူနယ် ကပစ၂၂ကနေ ထွက်လာသော အင်အား ၂၅၀ ခန့်ပါ ရှေ့ပြေး ခွေးစစ်ကြောင်းက ပုသိမ်-မုံရွာ လမ်းကနေ ပေါက်မြို့ပေါ်ရှိ ကပစ ၂၄ ကို ဦးတည်ပြီး ထွက်ခွာလာပြီး အဲဒီကနေတဆင့် ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ဘက်က ကျေးရွာတွေကို ဆက်လက် စစ်ကြောင်းထိုးနိုင်တယ်။ ဘယ်ကို ဆက်ပြီးတော့ စစ်ကြောင်းထပ်ထိုးမယ်ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်နေတုန်းပဲ” ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ် ညအချိန် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)




