ရန်ကုန်၊ မေ ၂၆
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော်က ထုတ်ပြန်ထားသည်။
ယနေ့ မေလ ၂၆ ရက်နေ့တွင် မင်းကင်းမြို့နယ်၊ ကံကျေးရွာမှ စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ကျောင်းသားတော်လှန်ရေးတပ်တော်မှ ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း ကျောင်းသားတော်လှန်ရေးတပ်တော်မှ ရဲဘော် ၁ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ယင်းထိတွေ့ တိုက်ပွဲကြောင့် မြေငံချောင်ရွာ နှင့် ပျဉ်းပင်မော်ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၆ ရက်နေ့တွင် သရက်ချောင်းမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျွဲဇပ်ရွာကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
“မြို့ပေါ်က ထွက်လာတဲ့ စစ်ခွေးတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်တာပေါ့။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ဘာလို့ဆိုတော့ စစ်ခွေးစစ်ကြောင်းက ရှေ့ဆက်မတိုးတော့ဘဲ မြို့ပေါ်ကို ပြန်ဆုတ်သွားတယ်။ စစ်ခွေး ထိခိုက်မှု အရေအတွက်ကိုတော့ ကျနော်တို့လည်း မသိရသေးဘူး” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။




