26 C
Yangon

ပခုက္ကူ သီဟိုဠ်ရှင်ဘုရားပွဲ အကြောင်းပြ၍ စစ်တပ်က လူငယ်ရာချီကို ပေါ်တာဆွဲ ဖမ်းဆီးနေ

Must read

ရန်ကုန်၊ မေ ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ နယုန်လ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အကြောင်း ပြကာ ပွဲသို့ လာရောက်သူများအနက်မှ စစ်တပ်က ဒေသခံလူငယ်ရာနှင့်ချီ၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို အပြင်းအထန် ပြုလုပ်နေကြောင်း ဒေသခံပြည်သူများနှင့် ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများထံမှ သိရှိရသည်။

အဆိုပါ သမိုင်းဝင် သီဟိုဠ်ရှင်ဘုရားပွဲတော်ကြီးကို မေလ ၂၃ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ၁၆ ရက်တိုင်တိုင် ကျင်းပနေခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကမူ ယင်းဘုရားပွဲခင်းကြီးကို လူငယ် များကို ဖမ်းဆီးရန် ထောင်ချောက်တစ်ခုသဖွယ် ပြုလုပ်ကာ စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးငွေညှစ်ခြင်းများကို ဗြောင်ကျကျ လုပ်ဆောင်လာခြင်း ဖြစ်သည်။

စစ်တပ်တပ်က ဘုရားပွဲခင်းအတွင်းနှင့် ပခုက္ကူမြို့အဝင်အထွက် လမ်းဆုံလမ်းခွများတွင် လုံခြုံရေးအကာ အကွယ်ယူကာ လူငယ်များကို အရေအတွက်အမြောက်အမြား လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်။

အထူးသဖြင့် ယခင်အပတ်များက အမျိုးသားများကိုသာ အဓိကထား ဖမ်းဆီးခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း အမျိုးသမီးငယ်များကိုပါ စစ်မှုထမ်းရန်အတွက် ပစ်မှတ်ထား ဖမ်းဆီးခြင်းနှင့် ပြန်လည်ရွေးထုတ်ခိုင်းကာ ငွေညှစ်ခြင်းများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

“ဘုရားပွဲစတော့ ယောက်ျားလေးတွေချည်းပဲ ရွေးပြီးဖမ်းတာဆိုတော့ မိန်းကလေးတွေက ပွဲဈေးတန်းကို သွားရဲလာရဲကြသေးတယ်။ အခုအပတ်မှာတော့ စစ်တပ်က မိန်းကလေးတွေကိုပါ လိုက်ဖမ်းတယ်၊ ပြီးရင် မိန်းကလေးမိဘတွေဆီကို ဆက်သွယ်ပြီး ငွေညှစ်တာတွေပါ လုပ်လာတာကြောင့် မိန်းကလေးတွေပါ ဘုရားပွဲကို မလာရဲကြတော့ဘူး။ အခုနောက်ဆုံး ဘုရားပွဲကို ထောင်ချောက်တစ်ခုလိုသုံး ပေါ်တာဆွဲနေတာကြောင့် ပွဲခင်းထဲ လူငယ်တွေတင်မကဘဲ ဘယ်သူမှ မလာရဲတော့လို့ လူမရှိသလောက် ခြောက်ကပ်ပြီး နည်းပါးသွားပြီ။ တချို့ဆို ညပိုင်းဇာတ်ပွဲတွေကြည့်ဖို့ ဖျာလက်မှတ်တွေ ကြိုတင်ဝယ်ထားပြီးမှ သွားမကြည့်ရဲတော့လို့ လက်မှတ်တွေကို တစ်ဆင့် ပြန်ရောင်းနေကြရတယ်”ဟု ပခုက္ကူဒေသမှ ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ယခုကဲ့သို့ စစ်တပ်၏ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် ပခုက္ကူသီဟိုဠ်ရှင် ဘုရားပွဲဈေးတန်းသို့ လာရောက်လည်ပတ်သူ အရေအတွက်မှာ ပုံမှန်နှစ်များနှင့်စာလျှင် သိသိသာသာ ဆုတ်ယုတ်ကျဆင်းသွားခဲ့ရသည်။

ရလဒ်အနေဖြင့် ဘုရားပွဲတော်ကို အမှီပြု၍ ဝေးလံသောဒေသအသီးသီးမှ လာရောက်ဖွင့်လှစ်ထားကြသည့် ပွဲဈေးတန်းဆိုင်ခန်းများ၊ ရိုးရာမုန့်ဆိုင်များနှင့် ကလေးသူငယ်များ စီးနင်းသည့် ပင်လယ်ဓားမြလှေ အစရှိသည့် ကစားကွင်းအလုပ်ရှင်များမှာ လာရောက်သူမရှိသလောက် ကင်းမဲ့နေသဖြင့် ကြီးမားသော အရင်းအနှီးများ စိုက်ထုတ်ထားရသည့်ကြားမှ အကုန်အကျဆုံးရှုံးပြီး အရှုံးပေါ်မည့် ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည်။

စစ်တပ်က နိုင်ငံအနှံ့အပြားတွင် စစ်ရေးအရ အဘက်ဘက်မှ ရှုံးနိမ့်နေပြီး စစ်အင်အား ပြတ်လပ်နေမှုကို ဖြည့် တင်းရန်အတွက် ဤကဲ့သို့သော ပြည်သူလူထုအခြေပြု ဘာသာရေးပွဲလမ်းသဘင်များကိုပါမချန် အတင်းအဓမ္မ ပေါ်တာဆွဲသည့် နည်းလမ်းမျိုးစုံဖြင့် လူငယ်များကို ဖမ်းဆီးကာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြည်သူများကို တရားဝင် အသိပေးချက်များ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article