ရန်ကုန်၊ ဇွန် ၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများ၏ ပြောပြချက်အရ သိရသည်။
ဇွန်လ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန် ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းလေ ကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းအတွင်း ခိုလှုံနေသည့် အသက်ကြီးပိုင်း အမျိုးသား ၂ ဦး ဗုံးစထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့ရပြီး အမျိုးသမီး ၄ ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ဘေးရှောင်များအရေး ကူညီပေးနေသူတစ်ဦးက “မနေ့ညက ရမ်းဗြဲမြို့နယ်ထဲက စစ်ရှောင်စခန်းကို စစ်ခွေးတွေ ညပိုင်း တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကျဲသွားတာ။ ပြည်သူ ၂ ဦး ထိခိုက်သေဆုံးမှုရှိပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ အတည်ပြုလို့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းအတွင်းက နေအိမ်၊ အဆောက်အအုံ ပျက်စီးမှုစာရင်း အသေးစိတ်ကိုတော့ လက်ရှိမှာ အတည်ပြုနိုင်ဖို့အတွက် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ စစ်ခွေးတွေ ဒီလိုလုပ်နေတဲ့ အပေါ်အာလုံးလဲ သိပြီးသားဆိုတော့ ထွေထွေထူးထူး မပြောလိုတော့ပါဘူး။ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကသာ ပြည်သူတွေကို ကူညီသွားပါမယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ရက်ဆက်ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်များ ပိုမိုဆိုးရွားလာနိုင်သဖြင့် ရခိုင်ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး သတိပေးချက်များကို အထူးဂရုပြုစောင့်ကြည့်ရန်နှင့် ဗုံးခိုကျင်းများ စနစ်တကျတူးကာ သတိပြုနေထိုင်ကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သတိပေးထုတ်ပြန်ထားသည်။
လက်ရှိ Arakan Responders for Emergency (ARE) အဖွဲ့၏ လက်လှမ်းမီသမျှ ကောက်ခံရရှိထားသည့် စာရင်းများအရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ၂ လတာကာလအတွင်း ရခိုင်ဒေသရှိ မြို့နယ် ၉ မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရေယာဉ်များပေါ်မှ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုတို့ကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၅၇ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်သေဆုံးသူ ၅၇ ဦးအနက် ၉ ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့တွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂ ဦး၊ အသက် ၁၈ နှစ်မှ ၆၀ နှစ်ကြား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး၊ အသက် ၆၀ နှစ်အထက် အသက်ကြီးပိုင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ပါဝင်သည်။
ဒဏ်ရာရရှိသူ ၄၈ ဦးတွင်မူ အသက် ၁၈ နှစ်အောက် အမျိုးသားငယ် ၈ ဦးနှင့် အမျိုးသမီးငယ် ၄ ဦး၊ အသက် ၁၈ နှစ်မှ ၆၀ နှစ်ကြား သံဃာတော် ၂ ပါးအပါအဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၈ ဦး၊ အသက် ၆၀ နှစ်အထက် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်သည်။ ဧပြီလနှင့် မေလအတွင်း မြေပြင်တွင် အမှန်တကယ် ထိခိုက်သေဆုံးခဲ့သည့် စာရင်းမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်းနှင့် ထိခိုက်ခံစားရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကူညီပံ့ပိုးနိုင်ရန် ကြိုးပမ်းနေကြောင်း ARE အဖွဲ့က ဖော်ပြထားသည်။






