ရန်ကုန်၊ ဇွန် ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် (AA) နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁ ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် ပြည်သူ ၃ ဦးကို ဧပြီလအတွင်း လွတုငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့နောက် စစ်တပ်က ပြန်လည်ဖမ်းဆီးကာ ပုဒ်မသစ်များဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီရေး အသိုင်းအ၀ိုင်းထံမှ သိရသည်။
အကြမ်းဖက်စစ်တပ်က ဧပြီလ ၁၇ ရက်နေ့နှင့် ဧပြီလ ၃၀ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ယင်းလွတ်ငြိမ်းဖြင့် အကျုံးဝင်သော ကျောက်ဖြူအကျဉ်းထောင်မှ အသက် ၄၅ နှစ်အရွယ် ဦးသန့်ဇော်လင်း၊ အသက် ၃၈ နှစ်အရွယ် ဦးလမင်းဖြိုးနှင့် အသက် ၃၄ နှစ်အရွယ် ဦးထွန်းမင်းဖြိုး တို့ ၃ ဦးတို့ကို အကျဉ်းဦးစီးဌာန အမိန့်စာဖတ်ပြီး ပြန်လွှတ်ပေးကြောင်း၊ သို့ရာတွင် ကျောက်ဖြူအကျဉ်းထောင်၏ ထောင်ဘူး၀တွင် လွတ်မြောက်လာသူ ၃ ဦးစလုံးကို စစ်တပ်နှင့်ရဲများက ပြန်လည် စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“ကျောက်ဖြူ ထောင်ဗူးဝမှာပဲ ကျောက်ဖြူမြို့မရဲစခန်းမှူးက ၃ ဦးစလုံးကို လက်ထိတ်ခတ်ပြီး ပြန်ဖမ်းတာ” ဟု နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်နေသူက ပြောဆိုသည်။
ပြန်လည် ဖမ်းဆီးလိုက်သော ပြည်သူ ၃ ဦးကို ကျောက်ဖြူခရိုင်တရားရုံးတွင် အကြမ်းဖက်အဖွဲ့အား ကူညီထောက်ပံ့ခြင်း ပုဒ်မ ၅၀ (ည)၊ အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်ခြင်း ပုဒ်မ ၅၂ (က) တို့ဖြင့် အထက်အမိန့်အရ အမှုဖွင့်လှစ်ကာ ကျောက်ဖြူအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ပြစ်ဒဏ်ကျခံပြီးသား အမှုဟောင်းများအပေါ် ပုဒ်မသစ်များ ထပ်မံပြောင်း၍ ဒုတိယအကြိမ် ထပ်မံ တရား စွဲဆိုခြင်းမှာ နှစ်ရှည်ထောင်ဒဏ်ကျခံရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူမြို့၌ လွတ်ငြိမ်းဖြင့်လွတ်ပြီးမှ ဒုတိယအကြိမ် ပြန်လည်ထောင်သွင်းအကျဉ်းချခံရသူ ၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ယခုဇွန်လအတွင်း ကျောက်ဖြူမြို့အကျဉ်းထောင်မှ လွတ်ရက်စေ့မည့် အခြားနိုင်ငံရေးအကျဉ်းသားများမှာလည်း ယခုကဲ့သို့ ပုဒ်မအသစ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ထပ်တိုးကျခံရမည်ကို စိုးရိမ်ပြီး လွတ်ရက်စေ့မည့်ရက်ကိုပင် ကြောက်ရွံ့နေကြကြောင်း သတင်းရရှိသည်




