29 C
Yangon

မင်းအောင်လှိုင် အမိန့်ကြောင့် ပြည်ပသို့ အလုပ်သမား တရားဝင်စေလွှတ်နေမှုများကို ထပ်မံ လျှော့ချမည်ဖြစ်ပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်နှင့်လိုင်စင်ကြေးစပေါ်ငွေများ ထပ်တိုးမြှင့်ရန်ရှိ

Must read

ရန်ကုန်၊ ဇွန် ၃

အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်လုပ်နိုင်သော လူဦးရေလျှော့နည်းလာနေကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက်​ ပြည်ပသို့ အလုပ်သမား တရားဝင်စေလွှတ်နေမှုများကို ထပ်မံ လျှော့ချမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်ပနိုင်ငံများသို့သွားရောက်၍ လုပ်သားအဖြစ်ဝင်ရောက်လုပ်ကိုင်နေခြင်းတို့ကြောင့် လုပ်သားများရှားပါးလာပြီး အလုပ်လုပ်နိုင်သည့် လူဦးရေနှုန်းထား လျော့နည်းကျဆင်းလာနေကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်၏ ပြောဆိုချက်ကြောင့် ယင်းကဲ့သို့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပသို့ အလုပ်သွားရောက် လုပ် ကိုင်မှုများကို ထပ်မံ စိစစ်တင်းကျပ်ရန် အလုပ်သမားဝန်ကြီးဌာနအတွင်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများအလိုက် အလုပ်ခေါ်စာ(Demand)တစ်စောင်အတွက် တစ်လလျှင် ထိုင်းနိုင်ငံသို့ ၅၀ ဦး၊ ဂျပန်နိုင်ငံသို့ ၁၅ ဦး၊ တောင်ကိုရီးယားနိုင်ငံသို့ ၁၀ ဦး နှင့် စင်ကာပူနိုင်ငံသို့ ၅ ဦးသာ စေလွှတ်ခွင့်ပြုထားပြီး လက်ရှိ အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုထားသော ပြည်ပအလုပ်အကိုင်အေဂျင်စီအရေအတွက် ၅၀၀ ကျော်ရှိနေကြောင်း၊ ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနက စေလွှတ်ခွင့်ရှိသော အလုပ်သမားအရေအတွက်ကိုလည်းကောင်း ပြန်လည်လျှော့ချပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီများကိုလည်း လိုင်စင်နှင့် စပေါ် ငွေများ ပြန်လည် စိစစ်တင်းကျပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“အခု နိုင်ငံအလိုက် ထွက်ခွင့်ပေးနေတဲ့ အရေအတွက်ကို ထပ်ပြီး လျှော့ချသွားဖို့ရှိပါတယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်နဲ့ လိုင်စင်ကြေး စပေါ်ငွေတွေလည်း ပိုပြီး တိုးမြှင့် တင်းကျပ်သွားဖို့ရှိနေတယ်။ မူဝါဒတွေ ဆွေးနွေးပြီးရင်တော့ တရားဝင် ထုတ်ပြန်ညွှန်ကြားချက်တွေ ထွက်မှာပါ” ဟု အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၂၆ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ပအလုပ်အကိုင် သွားရောက်သူများပြားမှုကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မင်းအောင်လှိုင်က ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေမှုများအပေါ် အမြင်မကြည်လင်မှုများ မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။

မိမိတို့နိုင်ငံတွင် အလုပ်လုပ်ကိုင်ကြမည့် လုပ်နိုင်ကိုင်နိုင်သည့် အသက်အပိုင်းအခြားရှိသည့် လူဦးရေနှုန်းထားအနေဖြင့် လျော့နည်းကျဆင်းလာသည်ကို တွေ့မြင်ရကြောင်း၊ ပြည်ပနိုင်ငံများသို့သွားရောက်၍ လုပ်သားအဖြစ်ဝင်ရောက်လုပ်ကိုင်နေခြင်းတို့ကြောင့် လုပ်သားများရှားပါးလာခြင်းလည်းဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ယခုနှစ် မေလ ၁ ရက်နေ့ အလုပ်သမားနေ့ကလည်း မင်းအောင်လှိုင်က ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားများသည် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေအောက်တွင် နေထိုင်ကြရပြီး အချို့မှာ မတရားဖိနှိပ်ခံနေရမှုများ ရှိနေကြောင်း၊ ပြည်ပသို့ သွားရောက်ခြင်းထက် ပြည်တွင်း၌သာ အလုပ်လုပ်ကိုင်ပါက ပိုမိုဘဝလုံခြုံမှုရှိပြီး ကြီးပွားတိုးတက်နိုင်သည့် အခွင့်အလမ်းများ ရှိနေကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့ပြန်သည်။

စစ်တပ်က ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်မှုများကို စိစစ်တင်းကျပ်လျက်ရှိရာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ခွင့် ပိတ်ပင်ထားခြင်း၊ OWIC ပြည်ပအလုပ်သမားသက်သေခံကတ်များ ထုတ်ပေးရာတွင် တင်း ကျပ်စိစစ်နေခြင်း၊ ပြည်ပသို့ အလုပ် သမားများ သွားရောက် အလုပ်လုပ်ရန် အလုပ်သမားဝန်ကြီး ဌာန၏ ခွင့်ပြုချက် ရယူ ခွင့်ပြုမှသာ သွားရောက်ခွင့်ပြုခြင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ရာတွင် နိုင်ငံအလိုက် တစ်လလျှင် သွားရောက် အလုပ်လုပ်ခွင့်ပြုသည့် မြန်မာအလုပ် သမားအရေအတွက်ကိုလည်း ကန့် သတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

မင်းအောင်လှိုင်က ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများအပေါ် မနှစ်မြို့သော်လည်း တစ်ဖက်တွင် ၂၀၂၅ ခုနှစ်အတွင်း ပြည်ပရောက် မြန်မာလုပ်သားများ၏ ပြန်ပို့ငွေသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသ ၆ ဘီလီယံ ခန့်ရှိခဲ့ပြီး၊ နိုင်ငံခြားငွေ စီးဝင်မှု၏ ၃၈ ရာခိုင်နှုန်းခန့်အထိ ရှိလာခဲ့ကြောင်း စစ်တပ်၏ စာရင်းဇယားများအရ သိရှိရသည်။

စစ်တပ်က ၂၀၂၄ ခုနှစ်မှစတင်၍ ပြည်ပရောက် အလုပ်သမားများ ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်း ကို မဖြစ်မနေ ပြည် တွင်းသို့ ပြန်လွှဲရမည့် စည်းမျဉ်းများ ပြဋ္ဌာန်းခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article