29 C
Yangon

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရေး လှုပ်ရှားမှုအဖြစ် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် ဩစတြေးလျနိုင်ငံသို့ ရောက်ရှိ

Must read

ရန်ကုန်၊ ဇွန် ၃

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကိုကင်မ်အဲရစ်သည် ဩစတြေးလျနိုင်ငံသို့ ရောက်ရှိနေပြီး၊ မိခင်ဖြစ်သူ ဘယ်မှာရှိသလဲဆိုသည့် ရိုးရှင်းလှသည့် မေးခွန်းတစ်ခုကို အတူတူမေးမြန်းရန်နှင့် အသက်ရှင်နေကြောင်း သက်သေပြရန်အတွက် လှုပ်ရှားမှုများကို ဆက်တိုက်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကိုထိန်လင်းက မိခင်ဖြစ်သူ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၈၁ နှစ်ပြည့်တော့မည် ဖြစ်သော်လည်း၊ ယခုအချိန်အထိ ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုထားသည့် အသက်ရှင်နေကြောင်း အထောက်အထား တစ်စုံတစ်ရာ မရှိသေးကြောင်း ပြောကြားသည်။

ထို့ကြောင့် ဩစတြေးလျနိုင်ငံရှိ မြို့အချို့သို့ သွားရောက်ကာ အသိပညာပေးမှုများ ပြုလုပ်မည့် ယခုခရီးစဉ်အတွင်း မိခင်ဖြစ်သူ အသက်ရှိထင်ရှားရှိနေပါက သက်သေပြရန် တောင်းဆိုသည့် လှုပ်ရှားမှုတွင် ပြည်သူများအနေဖြင့် အတူတကွ ပါဝင်ပေးကြရန် ဖိတ်ခေါ်ထားသည်။

အဆိုပါ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တို့တွင်လည်း စောင့်ကြည့်အားပေးပြီး ကူညီမျှဝေပေးကြရန် ကိုထိန်လင်းက တောင်းဆိုထားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုကင်အဲရစ် (Kim Aris) က မိခင်ဖြစ်သူ လက်ရှိတွင် အသက်ထင်ရှားရှိနေသေးကြောင်း မြန်မာစစ်တပ်အနေဖြင့် ခိုင်လုံစွာ သက်သေပြရန် တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူ၏ အခြေအနေကို လူထု ပိုမိုသတိပြုမိလာစေရန် ရည်ရွယ်သည့် “81 for 81” ကမ်ပိန်းတစ်ခုကို စတင်ထားသည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ကို အကြောင်း ပြု၍ အသက် ၄၉ နှစ်အရွယ် ကိုကင်အဲရစ်သည် “81 for 81” အမည်ရှိ လှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလှုပ်ရှားမှုတွင် ပြည်သူများအနေဖြင့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အပြေးပြိုင်ခြင်းများဖြင့် ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ထားပြီး ၎င်းကိုယ်တိုင်လည်း တစ်ရက်အတွင်း စကိတ်စီး၍ ၈၁ ကီလိုမီတာ ဖြတ်သန်းကာ ပါဝင်သွားမည်ဟု ဆိုသည်။ စိတ်ဝင်စားသူများအနေဖြင့် ခြေလှမ်း ၈၁,၀၀၀ လှမ်းခြင်း၊ ၈၁ ကီလိုမီတာ ပြေးခြင်း သို့မဟုတ် ၈၁ မိုင် စက်ဘီးစီးခြင်း စသည့် “81” ခေါင်းစဉ်အောက်မှ စိန်ခေါ်မှုများတွင် တစ်ပိုင်တစ်နိုင် ပါဝင်နိုင်ကြောင်း တိုက်တွန်းထားသည်။

ထို့ပြင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦးကို ဖမ်းဆီးထားပြီး အသက်ထင်ရှားရှိကြောင်း သက်သေမပြနိုင်သည့်အပြင် ပွင့်လင်းမြင်သာမှုနှင့် အခြေခံလူ့အခွင့်အရေးများကို လျစ်လျူရှုနေသော အစိုးရတစ်ရပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသင့်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက ထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံရေးအရ လုပ်ကြံစွဲဆိုထားသည်ဟု ယူဆရသော အမှုပေါင်းများစွာဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည်။ ၅ နှစ်ကျော်ကြာ တစ်ဦးတည်း သီးခြားချုပ်နှောင်ခံရပြီးနောက် ယခုလအစောပိုင်းတွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ မိသားစုဝင်များ သို့မဟုတ် ရှေ့နေများနှင့် တွေ့ဆုံခွင့်မရသေးသလို လူမြင်ကွင်းသို့လည်း ထွက်ပေါ်လာခြင်း မရှိသေးပေ။

စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များခြံရံလျက် သစ်သားခုံတန်းတစ်ခုပေါ်၌ ဒေါ်အောင်ဆန်းစုကြည် ထိုင်နေသည့် ဝေဝါးသော ဓာတ်ပုံတစ်ပုံ ထုတ်ပြန်ခဲ့သော်လည်း အဆိုပါဓာတ်ပုံမှာ ရက်စွဲမပါရှိဘဲ အလွယ်တကူ လုပ်ကြံဖန်တီးထားနိုင်ကြောင်း ကိုကင်အဲရစ်က ထောက်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း စုစုပေါင်း အကျဉ်းချခံထားရမှု သို့မဟုတ် နေအိမ်အကျယ်ချုပ် သက်တမ်း ၂၀ နှစ်ခန့် ရှိလာခဲ့ပြီဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article