ရန်ကုန်၊ ဇွန် ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများထံမှ ကား၊ ဆိုင်ကယ်၊ ရွှေထည်ပစ္စည်းနှင့် ငွေကြေးများကို အတင်း အဓမ္မဓားပြတိုက်လုယူပြီး မပေးသူများကို ပစ်သတ်မည်ဟုခြိမ်းခြောက်ပြောဆိုနေကြောင်း ဖားကန့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိ မေလကုန်ပိုင်းမှ စတင်၍ ဖားကန့်မြို့နယ်အတွင်း စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားမှု မရှိချိန်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့များက လုံးခင်းရွာအတွင်း လမ်းသွားလမ်းလာ ပြည်သူတွေကို သေနတ်ပြ ခြိမ်းခြောက်ကာ ဓားပြတိုက်ခြင်းများ၊ နေအိမ်များကို ဝင်ရောက် ဓားပြတိုက်ခြင်းများ ပိုမိုကျူးလွန်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များသည် ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး လုံးခင်းရွာထိပ် စားသောက်ဆိုင်ရှေ့မှ ဖြတ်သန်းသွားလာသော ပြည်သူများကို တားဆီး စစ်ဆေးပြီး ကား၊ ဆိုင်ကယ်၊ ဖုန်း၊ ငွေကြေး၊ ရွှေထည်ပစ္စည်းများ၊ ကျောက်နှင့် Power Bank ပါမကျန် သေနတ်ပြခြိမ်းခြောက်တောင်းခံနေပြီး ပစ္စည်းမပေးသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများလည်းရှိကြောင်း သိရှိရသည်။
ထိုသို့ ဓားပြတိုက်ခြင်းကို အကြမ်းဖက် စစ်တပ်နှင့် အတူ ၎င်းတို့ လက်အောက်ခံများဖြစ်သော မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့၊ ရှမ်းနီပြည်သူ့စစ်အဖွဲ့၊ ကချင်အထူးဒေသ (၁) ပြည်သူ့စစ်အဖွဲ့နှင့် လီဆူပြည်သူ့စစ်အဖွဲ့တို့က ပူးပေါင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။
“လုံးခင်းရွာထိပ်က စားသောက်ဆိုင်ရှေ့မှာလဲ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ့ရင် ဆိုင်ကယ်ရပ်ခိုင်းတယ်။ ဆိုင်ကယ်ကြိုက်ရင် ဆိုင်ကယ်ယူတယ်။ ဖုန်းတွေ့ရင် ဖုန်းလုတယ်။ ရွှေငွေ နားကပ် ဆွဲကြိုး စသည်ဖြင့်ပေါ့။ သူတို့ကြိုက်တာတွေ့ရင် အကုန်ယူတယ်။ ပိုက်ဆံတွေ့ရင် ပိုက်ဆံယူတယ်။ ကျောက်တွေရင်လည်း ကျောက်ယူတယ်။ ကားနဲ့သွားတဲ့ သူတွေဆိုရင်လည်း ကားလုယူတာရှိတယ်။ ကားမပေးရင် ပိုက်ဆံတောင်းတယ်။ ပါဝါဘန့်က အစ လုယူတယ်။ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ လုံးခင်းဆေးရုံကုန်းက စစ်သားတွေရယ်။ လုံးခင်းရွာထိပ်က စစ်သားတွေရယ်။ အခုလုံးခင်းရွာက ပြည်သူတွေက စစ်ခွေးတွေရှိတဲ့ နေရာရှေ့ကို ဖြတ်သွားဖို့ တော်တော် ကြောက်လန့်နေကြတယ်” ဟု ဖားကန့် ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များသည် ၎င်းတို့ သံသယရှိသည့် ပြည်သူများကိုလည်း စိတ်ထင်သလို ပစ်ခတ် သတ်ဖြတ်နေခြင်းကြောင့် ပြည်သူများသည် အသက် အန္တရာယ် စိုးရိမ်နေရသည့်အတွင် နေအိမ်အပြင်သို့ သွားလာရန် ကြောက်လန့်နေကြပြီး စစ်တပ်ဦးဆောင်၍ ဖားကန့်မြို့နယ် အတွင်း လူသတ်၊ ဓားပြတိုက်မှုများ ဆိုးဆိုးဝါးဝါးကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ဖားကန့် ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက် စစ်တပ်က ဖားကန့် လမ်းပိုင်းကို ပြန်လည်သိမ်းပြီး ၁ နှစ်ကျော် အတွင်း ဖားကန့် ပြည်သူ ၁၄၀ ကျော် ကို ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်ထားပြီး ၎င်းတို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀၀ နီးပါးလာည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။




