29 C
Yangon

ဖရူဆိုတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၈၀ ကျော် ပျက်စီး၊ မြိုင်တွင်လည်း စစ်တပ်က ကုန်းရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၃

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၈၀ ကျော် ပျက်စီးခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၂၈ နေ့တွင် ဖရူဆိုမြို့နယ်၊ ဘူးခူကျေးရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းက ပြည်သူ့နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ မေလ ၆ ရက်နေ့တွင်လည်း ထားလဲကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၆၀ ကျော်ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၇ ရက်နေ့တွင် ထားလဲကျေးရွာ အပေါ်ဘက်ရှိ ပရယ်တော်ရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်ကလည်း နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့၍ ကျေးရွာ ၃ ခု မှ နေအိမ် ၈၀ ကျော် မီးလောင်ပြာကျ ဆုံးရှုံးခဲ့ကြောင်း၊ ဖရူဆိုမြို့နယ်အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာတစ်ခုကို စစ်တပ်က မေလ ၃၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံး ၃ လုံး၊ ဇွန်လ ၁ ရက် နံနက် ၄ နာရီ ခန့်က ဒရုန်းဖြင့် ဗုံး ၁ လုံး ကျဲချတိုက်ခိုက် ခဲ့ရာ နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတပ်က ခြေကုပ်စခန်းများ ၊ စစ်ကြောင်း များဖြင့် စစ်ရေးလှုပ်ရှားလျက်ရှိပြီး ကရင်နီတော်လှန်ရေးတပ်များနှင့်လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေကာ စစ်တပ်က အရပ်သားပြည်သူများရှိရာ နေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းကြောင့် အရပ်သားပြည်သူများသည် စစ်ဘေးရှောင် တိမ်းရှောင်နေရပြီး အရေးပေါ် စားနပ် ရိက္ခာနှင့် ဆေးဝါးများ လိုအပ်ရှိကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကုန်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့တွင် မြိုင်မြို့အနီးရှိ စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုန်းရွာအတွင်းကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မြိုင်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ခွေးတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေလို့ အထိနာပြီး ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို စစ်ခွေးတွေက မီးရှို့ဖျက်ဆီးတာ အဲ့ကနေပဲ အသေခံဒရုန်း ၂ စီးနဲ့ စစ်ခွေးတွေ တိုက်ခိုက်လို့ ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။

ထို့ပြင် ဇွန် ၁ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်ကလည်း မြိုင်မြို့နယ်၊ လက်ယက်မရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မုံရွာမြို့ နမခမှ တက်လာသည့် အသေခံဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article