ရန်ကုန်၊ ဇွန် ၆
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးကို ထိုင်းအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်နှင့် ၃ နာရီ ၄၅ မိနစ်အတွင်း မဲဆောက်မြို့၊ တာ့ဆိုင်းလွတ်ကျေးရွာအုပ်စုရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားအနီးတွင် တရားမဝင် ဝင်ရောက်ကာ ဈေးရောင်းချနေသည့် အသက် ၄၆ နှစ်အရွယ် မြန်မာအမျိုးသား ၁ ဦးနှင့် အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသမီး ၁ ဦးတို့ကို စစ်ဆေးတွေ့ရှိရသဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
ထို့ပြင် ဇွင်္နလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင်လည်း မဲဆောက်မြို့နယ်အတွင်းရှိ လုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ လုပ်ကိုင်နေသည့် အသက် ၃၅ နှစ်နှင့် အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာအမျိုးသား ၂ ဦးကို ထိုင်းအာဏာပိုင်များက ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မဲဆောက်မြို့၊ တာ့ဆိုင်းလွတ်ကျေးရွာအုပ်စုရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားအနီး၌ တရားမဝင် ခိုးဝင်ပြီး အလုပ်လုပ်ကိုင်နေသည့် အသက် ၄၇ နှစ်အရွယ် မြန်မာအမျိုးသမီး ၁ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
ယင်းနေ့ ညရွှေ ၉ နာရီ ၃၀ မိနစ်ခန့်တွင်လည်း မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအုပ်စုရှိ စားသောက် ဆိုင်တစ်ဆိုင်အတွင်း ထိုင်းအာဏာပိုင်များက တရားမဝင်နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေကြောင်း သတင်းပေးချက်အရ ဝင်ရောက်စစ်ဆေးခဲ့ရာ၊ အသက် ၂၆ နှစ်အရွယ်မှ အသက် ၅၆ နှစ်အရွယ်အတွင်းရှိ မြန်မာအလုပ်သမား အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့သည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ လုပ်ကိုင်နေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသူ မြန်မာအလုပ်သမား ၉ ဦး (အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး) တို့သည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း၊ ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားပြင်ပတွင် လုပ်ကိုင်ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ၎င်းတို့အနက် ချစ်ကြည်ရေးတံတားအနီးနှင့် စားသောက်ဆိုင်တွင် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၄ ဦးမှာ “တရားမဝင် နိုင်ငံအတွင်းသို့ ခိုးဝင်မှု” ပုဒ်မပါ ထပ်မံတိုးမြှင့်ကာ အမှုဖွင့်လှစ်ခြင်း ခံထားရသည်။
လက်ရှိအချိန်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၉ ဦးလုံးကို မဲဆောက်မြို့ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားပြီး၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေ၊ အလုပ်သမားဥပဒေတို့နှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။






