ရန်ကုန်၊ ဇွန် ၆
မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား ကျောင်းသူ ၃ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး၊ ကျောင်းသားငယ်များအပါအဝင် ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
ယမန်ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ စစ်လေယာဉ် ၂ စီးဖြင့် မန္တလေးတိုင်း၊ မလှိုင်မြို့နယ် မြောက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာသို့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ကောင်းပင်ကျေးရွာရှိ လင်မယားနှစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင်၊ ကျောင်းပြန်လမ်းပေါ်တွင် ရှိနေသည့် ၈ တန်းကျောင်းသားအထိ ပါဝင်သော ကျောင်းသား ကျောင်းသူ ၃ ဦးပါ ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးခဲ့ရသည်။
ထို့ပြင် အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၁၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး၊ နေအိမ် ၁ လုံး ပြာကျကာ အခြားနေအိမ် ၅ လုံးခန့် အပြင်းအထန် ပျက်စီးခဲ့ရသည်။
မလှိုင်မြို့နယ်အတွင်း ယခုအကြိမ်အပါအဝင် ကျေးရွာ ၅ ရွာခန့် လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ဖြစ်သည်။
လူထုသတင်းကွန်ယက် မလှိုင်မြို့မှ တာဝန်ရှိသူက ” တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဗုံး ၄လုံးနဲ့ ကျဲချတိုက်ခိုက်သွားတာပါ။ ကျောင်းသား၊ ကျောင်းသူ တွေ အပါအဝင် သေဆုံးသူ ၃ ဦး စုစုပေါင်း ၅ ဦးပါ။ ဆေးရုံမှာ ကျောင်းသား ၁၅ ဦးဆေးကုသမှု ခံယူနေပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ယနေ့ ဇွန်လ ၆ ရက်နေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း တဲတော်ယာကျေးရွာသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၅ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ထိုဗုံးကျဲတိုက်ခိုက်မှုတွင် ဗုံးတည့်တည့်ကျရောက်ခဲ့သည့် ပြည်သူ့နေအိမ်မှာ မီးလောင်ပျက်စီးခဲ့ရပြီး၊ အနီးနားရှိ နေအိမ် ၂ လုံး၊ ၃ လုံးခန့်လည်း ထိခိုက်ပျက်စီးခဲ့ကာ အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးခန်းသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ပေါက်မြို့နယ်တောင်ပိုင်းမှ ဒေသခံပြည်သူတစ်ဦးက ” ပေါက်တောင်ပိုင်း၊ တဲတော်ယာရွာကို ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်သွားပါတယ်။ အကြောင်းမဲ့လာကျဲသွားတာပါ” ဟု ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် နံနက်အစောပိုင်း Y-12 လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သက်ကြီးရွယ်အို ၁ ဦး သေဆုံးသည်။
ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီ ၄၀ မိနစ်ခန့်တွင်လည်း ပဲခူး တိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်အနောက်ရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Y-12 လေယာဉ် ၁ စီးဖြင့် ဗုံး ၆ လုံးခန့် ရည်ရွယ် ချက်ရှိရှိ ကျဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါဗုံးကျဲတိုက်ခိုက်မှုကြောင့် နဂျပ်အနောက်ရွာမှ အသက် ၇၅ နှစ်အရွယ် ဦးမောင်ပုမှာ ဝမ်းဗိုက်ပွင့်ထွက်သည့် ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ထို့ပြင် အသက် ၄၀ ကျော်အရွယ် ကိုချစ်ဖွယ်မှာ ဝမ်းဗိုက်အတွင်းသို့ လက်နက်ကြီးဗုံးစ ဖောက်ဝင်သွားသဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကာ၊ ဦးအေးကြိုင်မှာလည်း လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်။
ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာအုပ်စု၊ နဂျပ်အနောက်ရွာကို ဒီနေ့ မနက် ၄ နာရီ ၄၀ မိခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Y-12 ၁ စီးဖြင့် ဗုံး ၆ လုံးကျဲ ချခဲ့ပါတယ်။ ထိခိုက်မှုအရတော့ နေအိမ် ၂ လုံးပျက်စီးပြီး၊ အသက်၇၅ အရွယ် ဦးမောင်ပု မှာ ဗိုက်ပွင့် ဒဏ်ရာဖြင့်သေဆုံးတယ်။ အသက်၄၀ ကျော် ကိုချစ်ဖွယ် မှာ ဝမ်းဗိုက် လက်နက်ကြီးစ ဖောက်ဝင်(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပါတယ်။ နောက် ဦးအေးကြိုင်လည်း လက်မောင်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်”ဟု ရှင်းပြသည်။






