ရန်ကုန်၊ ဇွန် ၇
မကွေးတိုင်း၊ ဆောမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများနှင့် နယ်မြေခံသတင်းမှန်ပြန်ကြားရေးအဖွဲ့များထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၆ ရက်နေ့ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျခဲကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှတစ်ဆင့် ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် ကျခဲကျေးရွာမှ ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး၊ အခြားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒေသခံပြည်သူတစ်ဦးက ” တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ ပြည်သူ ၃ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ စစ်တပ်က အဲဒီဘက်ကို ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက်ကြောင့် နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးပါဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း၌လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်အချိန် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မနခ) မှ ပျံသန်းတက်လာသော Gyrocopter ၃ စီးဖြင့် ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ရှမ်းထူးကျေးရွာ၌ နေထိုင်သည့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး၊ အခြားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းအဆောက်အအုံလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
မြောင်မြို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ” ဘုန်းကြီးကျောင်းမှာ ဆရာ၊ ဆရာမတွေ အစည်းအဝေးထိုင်နေကြတာကို စစ်တပ်က လာရောက်ဗုံးကျဲသွားတာပါ။ ဗုံးကျဲလို့ သေဆုံးသွားတဲ့ ပြည်သူ ၁ ဦးကတော့ ရှမ်းထူးကျေးရွာမှာ နေထိုင်သူဖြစ်ပြီး အသက်အရွယ်ကိုတော့ မသိရသေးပါဘူး။ ဒဏ်ရာရရှိသူ ၂ ဦးထဲက တစ်ဦးက စိုးရိမ်ရပြီး၊ အခြားတစ်ဦးကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ဇွန်လ ၄ ရက်နေ့ကလည်း စစ်တပ်က ချောင်းဦးမြို့နယ်အတွင်းရှိ မင်းခေါင်ကျေးရွာနှင့် ရှမ်းထူးကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မနခ) မှ တက်လာသည့် Gyrocopter များနှင့် Paramotor များကို အသုံးပြု၍ ကျေးရွာများအတွင်းသို့ ဗုံးသီးများ ကျဲချခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- အညာဒေသတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




