ရန်ကုန်၊ ဇွန် ၈
နိုင်ငံတစ်ဝန်း အခြေခံအကျဆုံးသော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ် ခန့်အပ်ရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး NLD၊ PDF နှင့် CDM မပတ်သက်သူများဖြစ်ရမည်ဟု ပြည်ထဲရေးဝန်ကြီး ညွန့်ဝင်းဆွေက လျှို့ဝှက် အမိန့်ပေးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။
ယခုဇွန်လဆန်းပိုင်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို သက် ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာပြည်သူများ၏ ရွေးချယ်မှုဖြင့် ရွေးကောက်တင်မြှောက်ရန် ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေကိုယ်တိုင် ညွှန်ကြားချက်ပေးလာကြောင်း၊ သို့ရာတွင် ပြည်သူ လူထုက ရွေးချယ်တင်မြှောက်မည့် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် NLD ပါတီနှင့်ပတ်သက်မှုမရှိဘဲ နိုင်ငံရေးကင်းရှင်းရန်၊ PDF များနှင့်ဆွေမျိုးတော်စပ် ပတ်သက်မှု မရှိရန်၊ CDM ဝန်ထမ်းများနှင့်ပတ်သက်သော အသိုင်းအ၀ိုင်းမှ မဖြစ်ရန် ဆိုသော စည်း ကမ်းသတ်မှတ်ချက်ကို လိုက်နာရန်ပါ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ် ချုပ်ကြီး ညွှန့်ဝင်းဆွေက ထုတ်ပြန်ပြောဆိုလာကြောင်း သိရှိရသည်။
“ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံး ပြန်လည် ရွေးချယ်ဖို့ ဝန်ကြီးက ညွှန်ကြားထားပါတယ်။ ဒါပေမယ့် ညွှန်ကြားချက်ထဲမှာ နိုင်ငံတော်က သွားနေတဲ့ တည်ငြိမ်အေးချမ်းရေး လုပ်ငန်း စဉ်တွေကို အထောက် အကူပြုဖို့အတွက် ရပ်ကွက်/အုပ်ချုပ်ရေးမှူး အရွေးချယ်ခံရမယ့်သူတွေက NLD ပါတီနဲ့ မပတ်သက်ရဘူး။ PDF နဲ့မပတ်သက်ရဘူး။ CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ဆက်နွယ်မှု မရှိရဘူး။ အဲဒါတွေကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သေချာစိစစ်ဖို့ ညွှန်ကြားတယ်။ ညွှန်ကြားချက်တွေက လျှို့ဝှက်တွေပါ” ဟု ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာ နယ်မြေခံစစ်တပ်၊ ရဲများနှင့်အတူ တည် ငြိမ်အေးချမ်းရေး ဖော်ဆောင်မှုကို လိုလားသူ၊ တာဝန်ရှိသူအဆင့်ဆင့်၏ အမိန့်ပေး ညွှန်ကြားချက်များကို အကောင် အထည်ဖော်နိုင်သူ၊ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုနှင့် လေးစားမှုကို ရရှိထားသူ ဖြစ်ရန် ဆိုသော အချက်များလည်း ကိုက်ညီရမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လူထုရွေးချယ်သော ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး အများစုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှုတ်ထွက်သွားကြပြီး စစ်တပ်က လူမိုက်၊ ထောင်ထွက်နှင့် အမိန့်ပေးမှုကို တသွေမတိမ်း လုပ်ဆောင်မည့်သူများကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခဲ့သည်။
လက်ရှိ ကျေးရွာနှင့်အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းကြေး ကောက်ခံခြင်း၊ စစ်မှုထမ်းခိုင်းရန်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်ခြင်းများကြောင့် ငွေကြေးအကြီးအကျယ် ချမ်း သာ လာကြကာ ယင်းနေရာကို ဖယ်မပေးလိုကြကြောင်း သိရှိရသည်။
“လက်ရှိ ရှိနေတဲ့ ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တော်တော်များများက ဆက်ပြီး လုပ်ချင်ကြတယ်ဆိုပြီး မြို့နယ်၊ ခရိုင်၊ တိုင်းအလိုက် စာတွေ ပြန်တင်ပြနေတာတွေများတယ်။ မူအရတော့ ပြန်ရွေးရမှာဖြစ်ပေမယ့် နယ်မြေလုံခြုံရေးအတွက် အထောက်အကူပြုသူတွေဆိုရင်တော့ ပြန်ခန့်မယ်ဆိုတာမျိုး မူဝါဒရှိတယ်” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ- ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ။




