26.3 C
Yangon

ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအို (Mindanao) ကျွန်းတွင် လှုပ်ခတ်သော ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် အဆောက်အအုံများစွာ ပြိုကျနေ

Must read

ရန်ကုန်၊ ဇွန် ၈

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ယနေ့ တနင်္လာနေ့မနက်အစောပိုင်း ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သဖြင့် အဆောက်အအုံများပြိုကျပြီး ဆူနာမီရေလှိုင်းများ ရိုက်ခတ်နိုင်ခြေရှိသော သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်မီးများ ပြတ်တောက်မှုများ ရှိနေပြီး ကမ်းခြေအနီးတွင် နေထိုင်သူများကို ကုန်းမြင့်ပိုင်းများသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန် သတိပေးထားသော်လည်း၊ လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရှိရသေးပေ။

ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ ငလျင်မှာ ယနေ့ နံနက် ၇ နာရီ ၃၇ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ငလျင်ဗဟိုချက်မှာ မင်ဒါနာအို (Mindanao) ကျွန်းပေါ်ရှိ ဂျင်နရယ်ဆန်းတို့စ် (General Santos) မြို့၏ အနောက်တောင်ဘက် ၈ မိုင် (၁၃ ကီလိုမီတာ) အကွာ၊ အနက် ၆.၂ မိုင် (၁၀ ကီလိုမီတာ) ကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်း ဖြစ်သည်။

သို့သော်လည်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ကမူ ငလျင်အနက်ကို ၃၄ မိုင် (၅၅ ကီလိုမီတာ) ဟု တိုင်းတာရရှိခဲ့ပြီး၊ ငလျင်လှုပ်ပြီးနောက်ပိုင်း ပြင်းအား ၆.၁ အဆင့်အထိရှိသော နောက်ဆက်တွဲငလျင် (Aftershocks) များလည်း ထပ်ဆင့်လှုပ်ခတ်ခဲ့ကြောင်း ဆိုသည်။

ပစိဖိတ်ဆူနာမီသတိပေးစင်တာ (PTWC) ၏ ထုတ်ပြန်ချက်အရ ဒေသတွင်းနိုင်ငံများ၌ ဆူနာမီလှိုင်းအန္တရာယ် ရှိနိုင်ခြေများကြောင်း သိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံရှိ ကမ်းခြေအချို့တွင် ၁၀ ပေ (၃ မီတာ) အထိရှိသော ဆူနာမီလှိုင်းများ တက်လာနိုင်သည်ဟု သတိပေးထားသည်။

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင်လည်း ရေလှိုင်း အမြင့်ပေ ၃ ပေ (၁ မီတာ) ဝန်းကျင်အထိ လှိုင်းများ တက်လာနိုင်ခြေရှိသည်။

အခြားဒေသများတွင်မူ ထိုင်ဝမ်၊ ဂျပန်၊ ဂူအမ်၊ ပါပူဝါနယူးဂီနီနှင့် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းရှိ ကျွန်းနိုင်ငံများတွင်မူ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး ဟာဝိုင်အီနှင့် အမေရိကန်ပြည်မကြီးကမ်းရိုးတန်းများအတွက်မူ ဆူနာမီအန္တရာယ်မရှိကြောင်း ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်ငလျင်ဗေဒအဖွဲ့အကြီးအကဲ တီရီစီတို ဘာကွန်ကွန် (Teresito Bacolcol) ကလည်း “ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့သူတွေအနေနဲ့ ကုန်းမြင့်ပိုင်းတွေ ဒါမှမဟုတ် ကုန်းတွင်းပိုင်းတွေဆီ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ အကြံပြုချင်ပါတယ်” ဟု ကမ်းခြေဒေသပြည်သူများကို သတိပေးနှိုးဆော်ထားသည်။

အဆိုပါ အင်အားပြင်းငလျင်ဒဏ်ကို အိမ်နီးနားချင်း အင်ဒိုနီးရှားနိုင်ငံ၏ မြောက်ဘက်ဆူလာဝေစီ (North Sulawesi) နှင့် မြောက်ဘက်မာလူကူ (North Maluku) ပြည်နယ်များရှိ ဒေသခံများပါ အပြင်းအထန် ခံစားခဲ့ရကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြော “မီးကွင်းဂြိုဟ်” (Ring of Fire) ပေါ်တွင် တည်ရှိနေခြင်းကြောင့် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် အခံရဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းများအပြင် တစ်နှစ်လျှင် တိုင်ဖွန်းနှင့် အပူပိုင်းမုန်တိုင်း အကြိမ်ရေ ၂၀ ဝန်းကျင်အထိ အမြဲမပြတ် ကြုံတွေ့ရလေ့ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article