ရန်ကုန်၊ ဇွန် ၈
ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ပြည်သူများအားလုံး မြို့တွင်းမှ ထွက်ခွာတိမ်းရှောင်ပေးရန် KIA တပ်မဟာ ၁၁ တပ်ရင်း ၁၂ က ယနေ့ ဇွန်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန် သတိပေးလိုက်သည်။
ယနေ့ ဇွန်လ ၈ ရက်နေ့မှစတင်၍ ရွှေကူမြို့အဝင် လမ်းမကြီးနှင့် ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း၊ ရွှေကူမြို့အတွင်းရှိ ပြည်သူများ အားလုံး ရွှေကူမြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်သူများအနေဖြင့် တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွား လမ်းပိုင်းကိုသာ အသုံးပြုရန်နှင့် ပိတ်ပင်ထာသော လမ်းပိုင်းများကို သွားလာပါက နောက်ဆက်တွဲဖြစ် ပေါ်လာမည့် ပြဿနာများကို KIO/KIA က လုံးဝ တာဝန်ယူသွားမည် မဟုတ်ကြောင်း အသိပေး ပြောဆိုထားသည်။
ရွှေကူမြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ မြို့အတွင်းသာ နေထိုင်နေသော ပြည်သူများ နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ပြဿနာများကို KIO/KIA မှ လုံးဝ တာဝန်ယူသွားမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလဆန်းပိုင်းကလည်း မဘိမ်းမြို့နယ်၊ ငအိုးကျေးရွာအခြေစိုက် ခလရ ၂၁၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သား အင်အားအများအပြားကို အသုံးပြုကာ ရွှေကူမြို့နယ်ကို ထိုးစစ်ဆင်လာ၍ KIA တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ထို့ပြင် ရွှေကူမြို့အထွက် ပေါင်းစပ်နေရာ ၅ လမ်းဆုံတွင်လည်း နေ့စဉ်တိုက်ပွဲ ဖြစ်နေပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားသဖြင့် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရသည်။
ဇွန်လ ၄ ရက်ကလည်း ရွှေကူမြို့နယ် ၊စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ရန် ရွှေကူမြို့နယ်အတွင်း ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး မဘိမ်းမြို့နယ်ကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက်လည်း မိုးမိတ်ဘက်တွင် တပ်အင်အားစု စည်းကာ ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်




