ရန်ကုန်၊ ဇွန် ၈
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁ ရက်နေ့ ညနေပိုင်းတွင် သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာအနီးရှိ အကြမ်းဖက် စစ်တပ်ဂိတ်မှ စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သင်းကျွန်ရွာကို လက်နက်ကြီးများဖြင့် ၄ ကြိမ် ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ကျေးရွာနေပြည်သူ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန် ၁ ဦးသည် ဆေးရုံသို့ ပို့ဆောင်စဉ် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ် အတွင်းရှိ ကျေးရွာများကို သရက်နှစ်ခွရွာမှ စစ်သားများအပြင် ဝင်းဝစခန်းမှ စစ်သားများကလည်း လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပျက်စီးသွားသော နေအိမ်များလည်းရှိပြီး စစ်တပ်က နေ့စဉ် ကျေးရွာများကို ဦးတည်ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“သရက်ချောင်းမြို့နယ်ထဲကို စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ နေ့စဉ်ကို ပစ်ခတ်တိုက်ခိုက်နေတာ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ အခုက စစ်ခွေးစစ်ကြောင်းက လောင်းလုံးမြို့နယ်ထဲကို ဝင်သွားပြီ သရက်ချောင်းမှာ မရှိတော့ဘူး။ စစ်ခွေးတွေ လက်နက်ကြီးနဲ့ ရမ်းပစ်တာပဲရှိတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
ဇွန်လ ၇ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်နှင့် ၅၄ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက မင်းတပ်မြို့ကို ဗုံး ၄ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၁၀ လုံးကျော်ခန့် ထိခိုက် ပျက်ဆီးခဲ့ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ယနေ့ ဇွန်လ ၈ ရက်နေ့တွင်လည်း မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီးနောက် Y-12 လေယာဉ်ကလည်း ဗုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုများအတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် နေအိမ် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။






