ရန်ကုန်၊ ဇွန် ၉
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို တစိုက်မတ်မတ် ကူညီထောက်ပံ့ပေးနေသည့် အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) ၏ အထွေထွေအတွင်းရေးမှူး၊ ဝေဟင်အောင်ပရဟိတအဖွဲ့ခေါင်းဆောင် စာရေးဆရာ ဝေဟင်အောင်၏ စစ်တွေမြို့ရှိ နေအိမ်ကို အကြမ်းဖက် စစ်တပ်က အင်အားသုံးဖောက်ထွင်းစီးနင်းပြီး ချိတ်ပိတ်သွားကြောင်း စာရေးဆရာ ဝေဟင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စစ်တွေမြို့မရဲစခန်းမှ ရဲနှင့် စစ်သားအင်အား ၂၀ ခန့်က စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ စာရေးဆရာဝေဟင်အောင်၏ နေအိမ်သို့ ရောက်ရှိလာပြီး အိမ်တံခါးများကို ဝရုန်းသုန်းကား ဖောက်ထွင်းစီးနင်း ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် အိမ်အတွင်းရှိ ပစ္စည်းများကို အလုအယက် ခိုးယူမွှေနှောက်သွားခဲ့ကြပြီးနောက် နေအိမ်ကိုပါ ချိတ်ပိတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ နေအိမ်ချိတ်ပိတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် စာရေးဆရာ ဝေဟင်အောင်က ” စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်မှာရှိတဲ့ ကျနော့်နေအိမ်ကို ချိတ်ပိတ်ခံရတာတော့ ဟုတ်တယ်။ ဘာကြောင့်ချိတ်ပိတ်တာလဲတော့ မပြောတတ်သေးဘူး။ သတင်းလောက်ပဲ အတည်ပြုနိုင်သေးတာပါ။ မနေ့က ည ၆ နာရီလောက်မှာ လာပိတ်သွားတယ်လို့ ကြားတယ်။ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတော့ တခြားဟာတွေကို ကျွန်တော် မသိရသေးဘူး။ ချိတ်ပိတ်တယ်ဆိုတာလောက်ပဲ သိရသေးတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထို့ပြင် စာရေးဆရာဝေဟင်အောင်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “ဗိုလ်ချုပ်၊ ဒေါက်တာနန့် တခြားသော တပ်မှူးကြီး၊ တပ်မှူးငယ်များနှင့်တကွ အာရက္ခတပ်တော်၏ လွတ်မြောက်ရေးအလုပ်ကို လုပ်နိုင်ဖို့လို့ ယုံကြည်တယ်။ ဒီယုံကြည်မှုအတိုင်း ငါရပ်တည်တယ်။ ဆုံးရှုံးမှု၊ နစ်နာမှု၊ စွန့်လွှတ်မှုအားလုံးအတွက်လည်း ပြင်ဆင်ပြီးသား” ဟု ရေးသားဖော်ပြထားသည်။
စာရေးဆရာဝေဟင်အောင်သည် ရခိုင်ပြည်နယ်၏ ထင်ရှားသော စာရေးဆရာ၊ နိုင်ငံရေးသမားနှင့် ပရဟိတလူမှုရေးလုပ်ဆောင်သူတစ်ဦးဖြစ်ပြီး အာရက္ခအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ထိုသို့ ပါဝင်မှုကြောင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် အကြမ်းဖက် စစ်တပ်က ၎င်းကို မတရားဖမ်းဆီးကာ တရားမျှတမှုမရှိဘဲ ထောင်ဒဏ် ၂၂ နှစ် တစ်ဖက်သတ်ချမှတ်ခဲ့ဖူးသည်။
ထို့နောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်နေစဉ် ၂၀၂၃ ခုနှစ် မေလအတွင်း၌လည်း စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်း ထပ်မံခံခဲ့ရသည်။




