ရန်ကုန်၊ ဇွန် ၉
မြန်မာနိုင်ငံ၊ မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း တစ်ခုတွင် အဓမ္မကျွန်ပြုခိုင်းစေခြင်း ခံထားရသည့် ရုရှားအမျိုးသမီး ၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရုရှားသံရုံးက ယမန်နေ့ သတင်းထုတ်ပြန်သည်။
အဆိုပါ ရုရှားအမျိုးသမီးသည် ပြီးခဲ့သည့် ဧပြီလပိုင်း ပြည်ပတွင် အလုပ်အကိုင်ရရှိမည်ဟူသော ကမ်းလှမ်းချက်ကို လက်ခံကာ ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းကို ကရင်ပြည်နယ်၊ မြဝတီခရိုင် (Karen National Region, Myawadi District) အတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်မည်ဟူသော ခြိမ်းခြောက်မှုများအောက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်ရန် အဓမ္မဖိအားပေး စေခိုင်းခြင်း ခံခဲ့ရသည်။
ရုရှားအမျိုးသမီးက ဇွန်လဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ ရုရှားသံရုံးကိုယ်စားလှယ်အဖွဲ့ထံသို့ ၎င်းကိုယ်တိုင် ဆက်သွယ်၍ ကယ်ဆယ်ပေးပါရန် အကူအညီတောင်းခံနိုင်ခဲ့သည်။
ထို့နောက် ရန်ကုန်မြို့ရှိ ရုရှားသံရုံး၊ ဗီယက်နမ်နိုင်ငံအခြေစိုက် ရုရှားပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ်နှင့် မြန်မာရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အဆိုပါရုရှားအမျိုးသမီးကို ဇွန်လ ၆ ရက်နေ့တွင် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။
လတ်တလောတွင် ကယ်ထုတ်ထားနိုင်ပြီဖြစ်သော ရုရှား အမျိုးသမီးကို မြန်မာနိုင်ငံအတွင်းရှိ Deportation Center စင်တာတစ်ခုတွင် ခေါ်ယူထားပြီး ရန်ကုန် ရုရှားသံရုံးဘက်နှင့်လည်း အဆက်အသွယ် ရှိနေသည်။
သူမကို မိခင်နိုင်ငံဖြစ်သော ရုရှားနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက် သင့်တော်မည့် အချိန်ကို ညှိနှိုင်းပြီးပါက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရုရှားသံရုံးဝန်ထမ်းများ၏ ကူညီပံ့ပိုးမှုဖြင့် ထိုင်းနိုင်ငံနယ်မြေမှတစ်ဆင့် ဖြတ်သန်း၍ ပြန်လည်ခေါ်ဆောင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ကြောင့် ရုရှားနိုင်ငံသားများအနေဖြင့် အရှေ့တောင်အာရှ ဒေသတွင်း၌ အလုပ်အကိုင် ရှာဖွေရာတွင် အထူးသတိထားကြရန်၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားတစ်ဦး အလုပ်လုပ်ကိုင်ရန်အတွက် “အလုပ်ဗီဇာ (Work Visa)” ရှိရန် မဖြစ်မနေ လိုအပ်ကြောင်း၊ အလုပ်ရှင်က စာရွက်စာတမ်းများ အဆင်ပြေအောင် ကူညီလုပ်ဆောင်ပေးမည်ဟု ကတိပေးရုံမျှဖြင့် အဆိုပါ အလုပ်ရှင်သည် စိတ်ချရသူအဖြစ် ရာနှုန်းပြည့် အာမမခံနိုင်ကြောင်း ရန်ကုန်ရှိ ရုရှားသံရုံးက သတိပေးချက် ထုတ်ပြန်ထားသည်။
မကြာသေးမီကာလအတွင်း တယ်လီဂရမ် (Telegram) ချန်နယ်တစ်ခုမှတစ်ဆင့် မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုသို့ လှည့်ဖြားခေါ်ဆောင်ခြင်းခံခဲ့ရသည့် ရုရှားအမျိုးသမီးတစ်ဦးကို ကယ်တင်ကာ ရုရှားနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ဖူးကြောင်း ရုရှားသတင်းများအရ သိရှိရသည်။




