ရန်ကုန်၊ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးတင်ရှို့လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။
ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ၊ ပေါက်မြို့နယ်တောင်ပိုင်း ကျားပစ်ကန်ကျေးရွာကို စစ်တပ်၊ ရဲနှင့် ပျူစောထီးများက မီးတင်ရှို့နေကြောင်း၊ အလားတူ မြိုင်မြို့နယ် ၊ ကျောက်ဆောက်ကျေးရွာကိုလည်း မီးရှို့လျက်ရှိကြောင်း သိရှိရသည်။
“ပေါက်မြို့နယ် တောင်ပိုင်း ကျားပစ်ကန်ရွာ ဒီနေ့ ၂၈ ရက်နေ့ မနက် ၈ နာရီမှာ စစ်ခွေး၊ ရဲခွေးနဲ့ ပျူစောထီးတွေက မီးတင်ရို့နေပါတယ်။ ရွာသူရွာသားတွေအားလုံးက ထွက်ပြေးနေရတာပါ။ တိုက်ပွဲမဖြစ်ဘဲ ဝင်ရှို့တာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရေခါးကျေးရွာကိုလည်းအကြမ်းဖက်စစ်တပ်က အင်အား ၂၀ ကျော်ဖြင့် မီးဝင်ရှို့နေကြောင်း သိရှိရသည်။
“ရေခါးကျေးရွာက အိမ်ခြေ ၂၀၀ ကျော်ရှိပါတယ်။ တိုက်ပွဲမဖြစ်ဘဲ ဒီအတိုင်း ကျေးရွာကို ဝင်ပြီး မီးရှို့နေတာပါ” ဟု ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ယမန်နေ့ ညနေပိုင်းတွင် မကွေးတိုင်း မြိုင်မြို့နယ် ရွာရှည်အုပ်စု ညောင်ပင်သာရွာကိုလည်း အကြမ်းဖက် စစ်ကောင်စီများ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ညနေက ရွာတောင်ပိုင်းပဲ ရှို့တာ။ အခုက စစ်ခွေးတွေရွာထဲမှာ။ ရှို့တာ တစ်ရွာလုံး မဟုတ်သေးဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ညောင်ပင်သာရွာ အနောက်ဘက်တွင် ယနေ့ ညနေပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝင် အင်အားများ၍ PDF များ ပြန်ဆုတ်ချိန်တွင် ရွာကို ဝင်ရောက် မီးရှို့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“စစ်ခွေးတွေများလို့ နောက်ဆုပ်လိုက်ချိန် ရွာကိုဝင်ပီး မီးရှို့တာပဲ။ ရွာသားတွေက ထွက်ပြေးနေကြတာ ရွာမှာ မရှိကြဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဓာတ်ပုံ- ပေါက်မြို့နယ်၊ ကျားပစ်ကျေးရွာကို စစ်တပ်က ယခုနံနက် ၈ နာရီ မီးရှို့နေစဉ်။