ရန်ကုန်၊ ဇွန် ၁၀
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၉ ရပ်ကွက်တွင် နေအိမ်မှ ၁ ရက်ကြာ ပျောက်ဆုံးနေသော အသက် ၁၃ နှစ်အရွယ် Grade 6 ကျောင်းသား မောင်မင်းခန့်ဇော်ကို ရေကန်ထဲတွင် ဒဏ်ရာများနှင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မြောက်ဒဂုံမြို့နယ်၊ ၃၉/A ရပ်ကွက်၊ သစ္စာ ၄ လမ်းတွင် နေထိုင်သော အသက် ၁၃ နှစ် (Grade – 6) ကျောင်းသား မောင်မင်းခန့်ဇော်သည် နေအိမ်မှ ရုတ်တရက် ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်များနှင့် ပရဟိတ အဖွဲ့များက လိုက်လံ ရှာဖွေရာတွင် ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်း မြောက်ဒဂုံမြို့နယ် ၃၈ ရပ် ကွက်ရှိ ရေကန် တစ်ခုတွင် မှောက်လျက်သား ဒဏ်ရာများနှင့်အတူ သေဆုံးလျက် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဆုံးသွားပါပြီ။ ရေကန်ထဲမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ပါတယ်။ အခုပဲ မြောက်ဥက္ကလာဆေးရုံရောက်နေပါတယ်။ မြောက်ဒဂုံ ၃၈ ရပ်ကွက်က ရေကန်ထဲမှာ မှောက်လျက် အလောင်းတွေ့လို့ ဒီမနက် မြောက်ဥက္ကလာဆေးရုံမှာ သွား ရောက်ပြီး အတည်ပြုခဲ့တာ ကိုယ့်တူလေးဖြစ်နေတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
မောင်မင်းခန့်ဇော်၏ ရုပ်အလောင်းဖြစ်ကြောင်းကို မိသားစုဝင်များက ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မြောက်ဥက္ကလာမြို့နယ် ဆေးရုံ၌ သွားရောက် အတည်ပြုပေးခဲ့ကြောင်း၊ ယနေ့ သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ မောင်မင်းခန့်ဇော်၏ ဆွေမျိုးတစ်ဦးကလည်း “၆ နာရီမြောက်ဒဂုံ ၃၈ရပ်ကွက်၊ ကန်ဘောင်မှာ Dead Body ဘော်ဒီတွေ့ရှိခဲ့ပါတယ်။ စစ်ဆေးဖို့တွက် မြောက်ဥက္ကလာဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့ပါတယ်။ မျက်နှာကလည်း ဖောယောင်နေပြီး ဒဏ်ရာများလည်းတွေ့ရှိထားပါတယ်။ ဆေးရုံကလည်း ရက်ထားလို့မရတော့တဲ့တွက် ဒီနေ့ သဂြိုလ်ပါမယ်။ အချိန်နာရီကိုတော့ ခဏနေအတိအကျတင်ပေးပါ့မယ်” ဟု လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။




