ရန်ကုန်၊ ဇွန် ၁၀
ပဲခူးတိုင်း၊ ပြည်မြို့နယ်အတွင်း ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် အလှည့်ကျ စစ်မှုထမ်း ခေါ်ဆောင်မှုများ တင်းကျပ်စွာ လုပ်ဆောင်မည်ဖြစ်၍ ကျေးရွာ၊ ရပ်ကွက်များမှ လူငယ်များ ပြောင်းရွေ့ခြင်းမရှိစေရန် အုပ်ချုပ်ရေးမှူးများကို မြို့နယ် ထွေ/အုပ်နှင့် ရဲမှူးများက ခေါ်ယူသတိပေးခဲ့ကြောင်း အုပ်ချုပ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်မြို့နယ် ထွေ/အုပ်ရုံးရှိ ပုလဲသီတာခန်းမတွင် ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကျော်ဇင်ဦး၊ ဒု ထွေ/အုပ် ရဲနီ နှင့် မြို့နယ် ရဲမှူး တင်လှတို့ ဦးဆောင်ပြီး ပြည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆၉ ခု/ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်း အစည်းဝေးတွင် စစ်မှုထမ်းဆင့်ခေါ်ရာ၌ ကျေးအုပ်စု/ရပ်ကွက် ၁ ခုလျှင် ၁ လ ကို လူငယ် ၁ ဦးနှုန်း ပေးဆောင်ရမည်ဖြစ်ပြီး ယင်း အမည်စာရင်းကို ရပ်ကျေးစာရေးနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများက အတည်ပြုကာ ထွေ/အုပ်နှင့် သက်ဆိုင်ရာ ရဲစခန်းကိုပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စာရင်းပါသူများကို ရဲစခန်းမှတဆင့် စာရင်းပါသူ၏ နေအိမ်အရောက်ကို လာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းသို့ မခေါ်ဆောင်မီ စာရင်းပါသော လူငယ်များ ထွက်မပြေးရန်နှင့် ၎င်းအခြေအနေကို ရပ်ကျေးစာရေး၊ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများက စောင့်ကြည့်ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပြည်မြို့နယ်အတွင်း လူငယ်များ၏ သွားလာလှုပ်ရှားမှုများကိုလည်း ထွေ/အုပ်နှင့် သက်ဆိုင်ရာ ရဲစခန်းကို တင်ပြရန်လည်း မှာကြားခဲ့ပြီး စစ်မှုထမ်းလူဦးရေမပြည့်မီပါက ပေါ်တာဆွဲ ဖမ်းဆီးမှုများကို သက်ဆိုင်ရာ နယ်မြေအတွင်းရှိ ပျူစောထီးများနှင့် ပူးပေါင်း၍ လုပ်ဆောင်ရန်လည်း ညွှန်ကြားထားကြောင်း၊ အဆိုပါ အစီအစဉ်ကို ဇွန်လ ၁၂ ရက်နေ့က စတင်ပြီး သက်ဆိုင်ရာ နယ်မြေအလိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
” ၉ ရက်နေကပေါ့ ဒီကောင်တွေ ပြည်မြို့ ထွေ/အုပ်ရုံးမှာရှိတဲ့ ပုလဲသီတာခန်းမမှာ အစည်းအဝေးလုပ်တာ ပြည်မြို့နယ် ထွေ/အုပ် ကျော်ဇင်ဦး၊ ဒုထွေ/အုပ် ရဲနီ နဲ့ မြို့နယ်ရဲမှူး တင်လှ တို့ ဦးဆောင်ပြီးခေါ်တာ ပြည်မြို့နယ် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၉ ခုက ရပ်ကျေးစာရေးနဲ့ အုပ်ချုပ်ရေးမှူးတွေလာတယ်။ ဒီကောင်တွေ အဓိကကတော့ လူငယ်တွေကို စောင့်ကြည့်ဖို့နဲ့ ကိုယ်နယ်မြေထဲကနေ ပြောင်းရွေ့တာတွေ ရှိ/မရှိကို သတင်းပို့ခိုင်းတာ စစ်မှုထမ်းခေါ်ရမယ့်လူကိုတော့ အုပ်ကြီးက ရွေးရမယ်ပေါ့။ သူတို့ သတ်မှန်ချက်မပြည့်ရင် ပေါ်တာဆွဲပါလို့ပါ ညွှန်ကြားထားတယ်လို့ သိရတယ်” ဟု အုပ်ချုပ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
သို့သော် ဇွန်လ ၄ ရက်နေ့က အကြမ်းဖက် စစ်တပ်၏ တရားမဝင်လွှတ်တော်တွင် ပဲခူးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုက နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တွင် စစ်မှုထမ်းကြေးကောက်ခံခြင်းမရှိကြောင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်းမရှိကြောင်း ဗြောင်လိမ်ထားသည်။
“နတ်တလင်းခရိုင်၊ ပြည်ခရိုင် စစ်မှုထမ်းဆင့်ခေါ်တာတွေနဲ့ ပတ်သက်လာ၍ ကျေးရွာတွေမှာ စစ်မှုထမ်း အသက်အရွယ်ပြည့်တဲ့ လူငယ် ၁ ဦးကို ၂ သောင်းကျပ်တွေ ၃ သောင်းခွဲကျပ်တွေ စစ်မှုထမ်းကြေးငွေနဲ့ ကောက်ခံတာတွေ စိစစ်ပါတယ်။ ငွေကြေးကောက်ခံတာ မရှိသော်လည်း ရပ်ကွက်ကျေးရွာကနေပြီးတော့ သင်တန်းထောက်ပံ့ကြေးပေးအပ်တယ်လို့ စိစစ်တွေ့ရှိရပါတယ်။ နောက်ပိုင်းမှာလည်း ငွေကြေးကောက်ခံပြီးတော့မှ သိရှိထားတဲ့ ဖြစ်စဉ်တွေ မှန်သမျှကို နိုင်ငံဝန်ထမ်းဥပဒေ တည်ဆဲဥပဒေအရ အရေးယူတဲ့ ဖြစ်စဉ်များရှိသလို သက်ဆိုင်ရာခရိုင်၊မြို့နယ်ကိုလည်း ချပြရှင်းလင်းပြီးသားဖြစ်ပါတယ်။ ပြည်မြို့ပေါ် ရပ်ကွက်တွေမှာရှိနေတဲ့ ကျေးရွာတွေမှာ ပြည်သူ့စစ်အဖွဲ့တွေက ကားတွေဆိုင်ကယ်တွေနဲ့ သွားလာပြီး လမ်းမှာတွေ့တဲ့ လူငယ် တချို့ကို စစ်ဆေးမေးမြန်းတာတစုံတရာမရှိဘဲနဲ့ ဖမ်းဆီးတဲ့ဟာတွေလည်း စိစစ်တဲ့ အခါမှာ မရှိပါကြောင်း” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုက ပြောဆိုထားသည်။
ဓာတ်ပုံ – သထုံမြို့နယ်ရှိ အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ပေါ်တာဆွဲအဓမ္မ ဖမ်းဆီးခံရပြီး စစ်မှု ထမ်းသင်တန်းအပတ်စဥ် ၂၃ အတင်းအကျပ် တက်ရောက်ခဲ့ရသည့် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းပို့ဆောင်ရန် ပြင်ဆင်နေစဉ်




