ရန်ကုန်၊ ဇွန် ၁၀
မြန်မာနိုင်ငံတွင် အဆိုးရွားဆုံးအခက်အခဲများကြု့နေရသော စစ်ဘေးရှောင် ပြည်သူ ၂ သန်းကျော်သို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးရန် စစ်တပ်၏ တားဆီးမှု အပါအဝင် အလွန် အမင်း ပိတ်ဆို့ခံနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇွန်လ ၉ ရက်နေ့ ရက်စွဲဖြင့် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများ၊ စစ်ဆေးရေးဂိတ် အတားအဆီးများနှင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် နိုင်ငံတစ်ဝန်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများ ပေးအပ်ရန် အလွန်အမင်း ခက်ခဲနေပြီး ပြည်သူ သန်းနှင့်ချီကာ အကူအညီများ အပြည့်အဝမရရှိဘဲ ဖြစ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောဆိုသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGOs) နှင့် ပြည်တွင်းလူမှုအဖွဲ့အစည်းများ (NNGOs) အပါအဝင် မိတ်ဖက်အဖွဲ့အစည်းပေါင်း ၉၀ ကျော်နှင့်အတူ ၂၀၂၆ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုမှ မြို့နယ်ပေါင်း ၂၅၁ မြို့နယ်ကို အခြေ ခံ၍ သွားလာကူညီခွင့် အခြေအနေ (Humanitarian Access Severity) ကို အကဲဖြတ် ဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ၏ ဆန်းစစ်ချက်များအရ မြန်မာနိုင်ငံရှိ မြို့နယ်များ၏ လူသားချင်းစာနာမှု ကူညီခွင့်အခြေအနေကို အဆင့် ၃ ဆင့် ခွဲခြားနိုင်ပြီး မြို့နယ် ၁၁၉ ခုမှာ အလွန်အမင်း သွားလာခွင့် ခက်ခဲနေကြောင်း၊ယင်းဒေသမှ အကူအညီလိုအပ်သူ ပြည်သူအနည်းစုထံသာ လူသားချင်းစာနာမှုအဖွဲ့များ ရောက်ရှိနိုင်ကြောင်း၊ အဆိုပါမြို့နယ်များ၏ ၆၀ ရာခိုင်နှုန်းနီးပါးသည် စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရှိနေပြီး စစ်ကိုင်းတိုင်းတစ်ခုတည်းတွင်တင် ၂၅ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရှိရသည်။
ထို့ပြင် မြို့နယ် ၁၁၁ ခုမှာ အသင့်အတင့် သွားလာခွင့် ကန့်သတ်ခံရသောမြို့နယ်များဖြစ်ပြီ့း စစ်တပ်စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ဆေးရေးဂိတ်များ ရှိနေသော်လည်း ပုံမှန်ကန့် သတ်ချက်များအောက်မှ အကူအညီပေးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။
အကူအညီများ ပေးအပ်ရန် သွားလာရ လွယ်ကူသောမြို့နယ်မှာ ၂၁ မြို့နယ် သာရှိပြီး စစ်ဆေးရေးဂိတ် သို့မဟုတ် စစ်ရေးအတားအဆီးအချို့ ရှိနိုင်သော်လည်း လူသားချင်းစာနာမှုလုပ်ငန်းများကို သိသာစွာ နှောင့်နှေးစေခြင်းမရှိဘဲ ရည်မှန်းထားသူ အားလုံးနီးပါးထံ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလက လုပ်ဆောင်ခဲ့သည့် ဆန်းစစ်ချက်နှင့် နှိုင်းယှဉ်ပါက ၂၀၂၆ ခုနှစ် မေလတွင် လုပ်ငန်းလည်ပတ်ရသည့် ပတ်ဝန်းကျင်သည် ပိုမိုရှုပ်ထွေးခက်ခဲလာကြောင်း မိတ်ဖက်အဖွဲ့အစည်းအားလုံးက သတင်းပို့လာကြောင်း သိရှိရသည်။
အထူးသဖြင့် ပဲခူးတိုင်းအရှေ့ဘက်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အခြေအနေများ ပိုမိုဆိုးရွားလာကြောင်း၊ ပြည်တွင်းအခြေစိုက် လူမှုအဖွဲ့အစည်းများမှာ စစ်ဆေးရေးဂိတ် အတားအဆီးများ၊ ခရီးသွားလာခွင့် (Travel Authorization – TA) ဆိုင်ရာ ဗျူရိုကရေစီ ကန့် သတ်ချက်များနှင့် အရပ်ဘက်ဝန်ထမ်းများအပေါ် အကြမ်းဖက်ခံရမှုများကြောင့် မြို့နယ်ပေါင်း ၅၃ မြို့နယ် (၂၁ ရာခိုင်နှုန်း) တွင် အကူအညီပေးရေးလုပ်ငန်းများ အဆိုးရွားဆုံး ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ စစ်ဆေးရေးဂိတ်များတွင် ဒေသခံလူမှုအဖွဲ့အစည်းများမှ ဝန် ထမ်းများအနေဖြင့် စစ်မှုထမ်းရန် မတရားစုဆောင်းခံရမည့် အန္တရာယ် (Risk of conscription) နှင့် အဓမ္မခေါ်ယူခံရမည့် အန္တရာယ်များကိုပါ စိုးရိမ်နေရကြောင်း သိရှိရသည်။
လူသားချင်းစာနာမှုဆိုင်ရာ ကူညီခွင့်ကို ပိတ်ဆို့နေသည့် အဓိက အကြောင်းရင်း ၅ ချက်မှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကန့်သတ်ချက်များဖြစ်ကြောင်း၊ ခရီးသွားလာခွင့် (TA) လျှောက်ထားရာတွင် ချက် ချင်းမရဘဲ ကြန့်ကြာခြင်း၊ စာရွက်စာတမ်း အထောက်အထားများ ပိုမိုတောင်းခံခြင်းနှင့် လူသားချင်းစာနာမှု ကူညီရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးအပေါ် တင်းကျပ်စွာ ထိန်းချုပ်ခြင်းများကြောင့် အချို့စီမံကိန်းများကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့ရကြောင်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ရှမ်းမြောက်တို့တွင် ယင်းအတားအဆီး အများဆုံးဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြင် စစ်ရေးစစ်ဆင်ရေးများနှင့် တိုက်ပွဲများ၊ လေကြောင်း ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဝန်ထမ်းများနှင့် ကူညီရေးပစ္စည်းများ ရွှေ့ပြောင်းခဲ့ရကြောင်း၊ စစ်ကိုင်း၊ ရခိုင်၊ မကွေး၊ ကချင်နှင့် တနင်္သာရီတို့တွင် စစ်ရေးအန္တရာယ် အမြင့်ဆုံးဖြစ်နေကြောင်း သိရှိရသည်။
အကူအညီပေးမှုများကို တားဆီးနေသော အချက်များတွင် စစ်ဆေးရေးဂိတ် အတားအဆီးများကလည်း အဓိကနေရာမှ ပါဝင်ပြီး မြို့နယ်အားလုံးတွင် စစ်ဆေးရေးဂိတ်များကြောင့် အခက်အခဲကြုံရကြောင်း၊ စစ်ကိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ကူညီရေးပစ္စည်းများ မတရားသိမ်းဆည်းခံရခြင်း (Confiscation of supply items) များ ရှိနေကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင် အချို့သော တိုင်းရင်းသား ပြည်သူများကို သတ်မှတ်ထားသည့် ဝန်ဆောင်မှုနှင့် အကူအညီများ မရရှိအောင် ကန့်သတ်ပိတ်ပင်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် မြေမြှုပ်မိုင်းအန္တရာယ်ကိုကြုံရကာ စစ်ကိုင်း၊ မကွေး၊ ရခိုင်၊ ကချင်နှင့် ရှမ်းမြောက် ဒေသများတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် ခဲယမ်းများ (UXO) ကြောင့် သွားလာရေး အကြီး အကျယ် အန္တရာယ်ရှိနေကြောင်း သိရှိရသည်။
နောက်ဆုံးအတားအဆီးအနေဖြင့် ရခိုင်၊ စစ်ကိုင်း၊ ပဲခူးနှင့် ကယားပြည်နယ်တို့တွင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်မှုအပေါ် ကြားဝင်စွက်ဖက် နှောင့်ယှက်မှုများ ရှိနေကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ် လူသားချင်းစာနာမှု လိုအပ်ချက်နှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အရ အကူအညီ အရေးတကြီးလိုအပ်နေသည့် ပြည်သူ ၂ ဒသမ ၅ သန်းကျော် နေထိုင်ရာ မြို့နယ် ၆၆ မြို့နယ်ရှိသည့်အနက် ပြည်သူ ၂ ဒသမ ၁ သန်း (၈၄ ရာခိုင်နှုန်း) သည် သွားလာခွင့် အလွန်အမင်း ခက်ခဲသည့် ‘အဆင့် ၃’ ဒေသများတွင် ရောက်ရှိနေကြကြောင်း သိရှိရသည်။
အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ပြည်သူ ၇၄၄,၀၀၀ ကျော်နှင့် စစ်ကိုင်းတိုင်းတွင် ပြည်သူ ၁.၁ သန်းကျော် ကူညီခွင့် ပိတ်ဆို့ခံထားရကြောင်း၊ ၂၀၂၆ ခုနှစ် ပထမသုံးလပတ် (Q1) စာရင်းများအရ မိတ်ဖက်အဖွဲ့အစည်းများက နည်းလမ်းပေါင်းစုံ အသုံးပြုကာ ရည်မှန်းထားသည့် ပြည်သူစုစုပေါင်း၏ ၃၃ ရာခိုင်နှုန်း (ခန့်မှန်းခြေ ၁,၆၀၀,၀၀၀ ဦး) ထံသို့ အကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း အဆိုပါ ကူညီမှုများသည် လုံခြုံရေးနှင့် သွားလာရေး ပိတ်ဆို့မှုများကြောင့် အရည် အသွေး၊ ပြည့်စုံမှုနှင့် အကြိမ်ရေအပိုင်းအခြားအရ လျှော့ချပေးအပ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ အဆင့် ၃ ရှိသော အခက်ခဲဆုံး မြို့နယ် ၅၃ ခုတွင် အကူအညီ လိုအပ်သူ ၂ ဒသမ ၁ သန်းအနက် ၈၃၂,၀၀၀ ဦး (၃၃ ရာခိုင်နှုန်း) ကိုသာ အကူအညီ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အကူအညီပေးနိုင်မှု အပိုင်းတွင် ရခိုင်ပြည်နယ်၌ ၃၅ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်း၌ ၁၉ ရာခိုင်နှုန်းနှင့် ကရင်နှင့် တနင်္သာရီတို့တွင် ၁၁ ရာခိုင်နှုန်းစီသာ ကူညီနိုင်ခဲ့ကြောင်း သိရသည်။




