26.2 C
Yangon

နိုင်ငံတကာစာမျက်နှာတွင် မြန်မာ့အရေး ရပ်တည်ပေးရန်နှင့် မေ့ပျောက် မသွားစေရန် ကနေဒါအစိုးရကို တိုက်တွန်းဆွေးနွေးဟု ဖက်ဒရယ်ကောင်စီ-SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဇင်မာအောင် ပြော

Must read

ရန်ကုန်၊ ဇွန် ၁၀

နိုင်ငံတကာစာမျက်နှာမှာ မြန်မာ့အရေး ရပ်တည်ပေးဖို့နှင့် မြန်မာ့ပြည်သူများကို မေ့ပျောက် မသွားစေ ရန် ကနေဒါအစိုးရကို တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ-SCEF အတွင်းရေးမှူးအဖွဲ့ဝင်၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုပါတယ်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ကနေဒါခရီးစဉ်နဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းစဉ်မှာ ဒေါ်ဇင်မာအောင်က အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကနေဒါအစိုးရအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာ့အရေး ရပ်တည်ပေးနိုင်ဖို့နဲ့ တခြားကမ္ဘာ့ရေးရာတွေကြားထဲမှာ မြန်မာ့အရေး မေ့ပျောက်မသွားစေဖို့အတွက် လှုံ့ဆော်ပြောဆိုနိုင်ခဲ့တယ်လို့ ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

မေလ ၂၉ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ SCEF ကိုယ်စားလှယ်အဖွဲ့က ကနေဒါနိုင်ငံသို့ စည်းရုံးလှုံ့ဆော်ရေးနဲ့ ဆက်ဆံရေးတည်ဆောက်ရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် ကနေဒါနိုင်ငံရဲ့ အရေးပါမှုကို ပေါ်လွင်စေခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာစေခဲ့တယ်လို့ ဆိုပါတယ်။

“ကနေဒါအစိုးရဘက်က နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေရော၊ နောက်ပြီးတော့ ပါလီမန်ပေါ့၊ လွှတ် တော်ဘက်အခြမ်းက တာဝန်ရှိတဲ့သူတွေကိုရော တွေ့ဆုံပြီးတော့ မြန်မာ့အရေးကို သူတို့ရဲ့ ပေါ်လစီ အဝန်းအဝိုင်းထဲမှာ ဆက်ပြီးတော့ ရှိနေအောင်၊ နိုင်ငံတကာမျက်နှာစာတွေမှာလည်း ကနေဒါအနေနဲ့ မြန်မာ့အရေးကို ရပ်တည်ပေးနိုင်အောင် ကျမတို့ ပြောနိုင်ခဲ့တယ်။ ရည်ရွယ်ချက်ကိုက ကနေဒါအစိုးရ၊ လွှတ်တော်တာဝန်ရှိတဲ့သူတွေနဲ့တွေ့ဖို့၊ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ၊ ကျမတို့ စဉ်းစားထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဒါတွေကို ချပြဆွေးနွေးဖို့ ရည်ရွယ်တယ်။ အဲဒါတွေကို သူတို့ နားလည်အောင် ရှင်းပြဖို့ ရည်ရွယ်တယ်ဆိုတော့ ဒီရည်ရွယ်ချက်တွေ ပြည့်မြောက်တယ်လို့ ပြောလို့ရတယ်” လို့ ဒေါ်ဇင်မာအောင်က ရှင်းပြပါတယ်။

ဒါ့အပြင် ကနေဒါနိုင်ငံ မြို့တော် အော့တဝါမှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ပါလီမန်အတွင်းဝန်ဖြစ်သူ ဂုဏ်ထူးဆောင် ရော့ဘ် အိုလီဖန့် (Honorable Rob Oliphant)၊ ဝန်ကြီးတွေ၊ ပါလီမန်အမတ်တွေဖြစ်ကြတဲ့ ဂါးနက် ဂျဲနူးစ် (Garnett Genuis) နဲ့ အာဒမ် ချိန်ဘာစ် (Adam Chambers) အပါအဝင် ကနေဒါနိုင်ငံရေးသမားတွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ဟာ မြန်မာ့ဒီမိုကရေစီအရေး ပါလီမန်မိတ်ဆွေများအဖွဲ့ (Parliamentary Friends of a Democratic Burma) ရဲ့ ကိုယ်စားလှယ်တွေလည်း ဖြစ်ကြပါတယ်။

ဆွေးနွေးပွဲတွေအတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမယ့် အခွင့်အလမ်းတွေ၊ ထိရောက်တဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးနဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပံ့ပိုးကူညီပေးဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး၊ ကနေဒါနိုင်ငံဘက်ကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်မှုတွေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

“ခရီးစဉ်ရဲ့ အောင်မြင်မှုဆိုတာထက် ခရီးစဉ်ရဲ့ ရည်ရွယ်ချက် ပြည့်မြောက်ခဲ့သလားလို့ ဆိုရမယ်ထင်တယ်။ ပြည့်မြောက်ခြင်း၊ မပြည့်မြောက်ခြင်းဆိုတာနဲ့ တိုင်းတာရမယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုခရီးစဉ်တွေ၊ ဒီကြိုးစားအားထုတ်မှုတွေက တစ်ကြိမ်တစ်ခါတည်းနဲ့ ပြီးသွားတဲ့ကိစ္စတော့ မဟုတ်ဘူး။ တော်လှန်ရေးမှာ ဒီထက်ပိုပြီးတော့ အရွေ့တွေ၊ ကိုလိုချင်တဲ့ အပြောင်းအလဲမျိုးတွေ ဖြစ် လာအောင် ဘက်ပေါင်းစုံကနေပြီးတော့ ကြိုးစားအားထုတ်နေကြရတာ ဖြစ်တယ်။ အဲဒီအတွက်ကိုပဲ ကနေဒါရဲ့ ခရီးစဉ်အပါအဝင် ခရီးစဉ်တိုင်းမှာ ရည်ရွယ်ချက်တွေတော့ ရှိတာပေါ့။ မျှော်လင့်ချက်တွေတော့ သိပ်အမြင့်ကြီး မထားပါဘူး။ လက်တွေ့ကျတဲ့ မျှော်လင့်ချက်မျိုးကိုပဲ မျှော်လင့်ပြီးတော့ လုပ်စရာရှိတဲ့အလုပ်ကို လုပ်ကြတာပဲ ဖြစ်ပါတယ်”လို့ ဒေါ်ဇင်မာအောင်က ရှင်းလင်းပြောဆိုပါတယ်။

ဒါ့အပြင် တိုရွန်တိုမြို့မှာ ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ်ကြီးဟောင်း၊ အွန်တေးရီးယိုးပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဂုဏ်ထူးဆောင် ဘော့ဘ်ရေး (Hon. Bob Rae) နဲ့ တွေ့ဆုံခဲ့သလို၊ တိုရွန်တိုတက္ကသိုလ် မန့်ခ် ကမ္ဘာ့ရေးရာနှင့် ပြည်သူ့မူဝါဒရေးရာကျောင်း (Munk School of Global Affairs and Public Policy)၊ မြန်မာ့မူဝါဒနှင့် လူထုအသိပညာပေး ဗဟိုဌာန (MyPACK Hub) တို့နဲ့လည်း ဝိုင်းဝန်းကဏ္ဍ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

“ပေါ်လစီအင်စတီကျူတွေနဲ့ တွေ့ပြီးတော့ အခြေအနေတွေ ဆွေးနွေးနိုင်ခဲ့တာမျိုးတွေ ရှိတယ်။ ဒီဟာတွေကနေပြီးတော့မှ တဆင့် မြန်မာ့အရေးကို ပြောရရင်တော့ တခြားကမ္ဘာ့အရေးတွေ ကြားထဲမှာ မခြေမပျောက်နဲ့ မဖြစ်သွားအောင်ရယ်။ တချို့လည်း မေ့ပျောက်တာမျိုးတော့ မဟုတ်ဘူး၊ အဆက်ပြတ်နေတာမျိုးတွေ ရှိနေနိုင်တယ်။ ဒါတွေကို One Meet Up သွားသွားပြီးတော့ လုပ်နေရတဲ့ သဘောတော့ ရှိတယ်။ ဒီရည်ရွယ်ချက်လည်း အောင်မြင်တယ်လို့ ပြောလို့ရပါတယ်”လို့ သူမက ပြောဆိုပါတင်္ယ။

ခရီးစဉ်အတွင်း ကနေဒါအရှေ့ပိုင်း လန်ဒန်မြို့၊ တိုရွန်တိုမြို့တွေနဲ့ ကနေဒါအနောက်ပိုင်း ဗန်ကူးဗားမြို့တွေမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ အဝေးရောက်မြန်မာအသိုင်းအဝိုင်းနဲ့လည်း Town Hall တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဒီတွေ့ဆုံပွဲတွေမှာ တော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ SCEF ပေါ်ပေါက်လာရတဲ့ ရည်ရွယ်ချက်တွေကို ချပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ- SCEF ပေါ်ထွန်းလာရတဲ့ ရည် ရွယ်ချက်တွေကို ကနေဒါ Town Hall မှာ ရှင်းပြဆွေးနွေးတယ်။ တော်လှန်ရေးကို ထောက်ပို့နေကြတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကြားမှာတော့ ကောင်းမွန်တဲ့ ကိစ္စတစ်ခု၊ ဒီတွေ့ဆုံမှုကြောင့် သူတို့လည်း အားတက်ရတယ်။ စိန်ခေါ်မှုတွေလည်း ရှိတယ်။ ကျမတို့ အားနည်းချက်၊ အားသာချက်တွေကို မှန်မှန်ကန်ကန်နဲ့ အက်ဒရက်လုပ်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ သွားကြဖို့ဆိုတာမျိုးတွေ ဆွေး နွေးဖြစ်ခဲ့တယ်။ ဒီ SCEF ကိုလည်း လူထုနဲ့မိတ်ဆက်တဲ့ သဘောပါ။ နောက်ပြီးတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ပြီးတော့ အပြန်အလှန် တော်လှန်ရေးမှာ အားပေးကြတယ်။ အားယူကြတယ်၊ ဒီပုံစံမျိုးဆိုတော့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တယ်လို့ မြင်တယ်”လို့ သူမက ထုတ်ဖော်ပြောဆိုပါတယ်။

၁၀ ရက်ကြာမြင့်ခဲ့တဲ့ ဒီကနေဒါနိုင်ငံခရီးစဉ်မှာ NUG နိုင်ငံခြားရေးဝန်ကြီး၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဇင်မာအောင်နဲ့အတူ SCEF နိုင်ငံခြားရေးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကရင်အမျိုးသားအစည်း အရုံး (KNU) မှ စောနီးမရော့ဒ်၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ နဲနယ်ပလိုတို့ ပါဝင်ခဲ့ကြပြီး NUG သမ္မတအကြံပေး ဦးကျော်ဇောလည်း ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု​ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ၂၀၂၆ ခုနှစ် မတ်လမှာ ဖွဲ့စည်းခဲ့ပြီး KIO/KIA ၊ KNU ၊ CNF ၊ CRPH ၊ NUG နဲ့ ကရင်နီ အဖွဲ့တွေ ပါဝင်နေတာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article