ရန်ကုန်၊ ဇွန် ၁၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး မြေပြင်စစ်ကြောင်းကလည်း ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ ကျော်ပြာကျကာ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရသိရသည်။
မေလ ၃၁ ရက်နေ့မှ စတင်ပြီး ချောင်းဦးမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းကို အင်အား ၂၀၀ ကျော်ခန့်ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချောင်းဦး-ရေစကြို-ပခုက္ကူ လမ်းပိုင်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ဆင်မြေကျေးရွာ၊ ငါးလုံးတင်ကျေးရွာနှင့် မှန်ချိုကျေးရွာတို့မှ နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းလျောက်ကို လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကိုလည်း စိတ်ကြိုက် ခိုးယူသွားပြီး ချောင်းဦးမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်း မီးရှို့သွားတာက ဆင်မြေကျေးရွာ၊ ငါးလုံးတင်ကျေးရွာနဲ့ မှန်ချိုကျေးရွာတို့ကို မီးရှို့ဖျက်ဆီးသွားတာ ပြည်သူတွေက စစ်ဘေးတိမ်းရှောင်နေတုန်းပဲ ချောင်းဦးမြို့ထဲက ဝင်သွားတဲ့ စစ်ခွေးတွေ ထပ်ပြီးထွက်လာနိုင်လို့ ပြည်သူတွေ မပြန်ရဲသေးတာ အခုထိတော့ ထွက်မလာသေးဘူး။ တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို စစ်တပ် စစ်ကြောင်းကြောင့် မထိသာရွာ၊ မင်းခေါင်ရွာ၊ ငါးလုံးတင်ရွာ၊ ထူးနီရွာ၊ မှန်ချိုရွာ၊ ရွာတော်လေးရွာ၊ ကျောက်ဆစ်ကန်ရွာ၊ မင်းတည်ရွာ၊ မကျီးခွရွာ၊ ကံမရွာ၊ ငါးယှန်ရွာနှင့် ဆင်မြေရွာ စသည့် ကျေးရွာပေါင်း ၁၂ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ဆင်မြေရွာနှင့် စစ်ဘေးရှောင်ပြည်သူများ






