ရန်ကုန်၊ ဇွန် ၁၃
မကွေးတိုင်း၊ ရေစကြိုမြို့အဝင်တွင် အကြမ်းဖက် စစ်တပ်က ဈေးဝယ်လာသည့်ကားများကို ဖမ်းဆီးပြီး ပြည်သူများကို ရိုက်နှက်ကာ တစ်ဦးလျှင် ငွေကျပ် ၂ သောင်းတောင်းခံနေကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ စတင်ပြီး ရေစကြိုမြို့ပေါ်နှင့် ကူတုတ်ကျေးရွာကို သွားလာနေသော စစ်သားများသည် ရေစကြိုမြို့အဝင် ဘက်စုံခြံအနီး၌ ဈေးဝယ်လာသည့် ကားများကို ဖမ်းဆီးပြီး ကားပေါ်ပါလာသူများကို ရိုက်နှက်ခဲ့ကြောင်း၊ ထိုသို့ ၎င်းတို့ စိတ်ကြိုက် ရိုက်နှက်ပြီးနောက် တစ်ဦးလျှင် ငွေကျပ် ၂ သောင်းတောင်းခံခဲ့ကြောင်း သိရသည်။
“ကားလမ်းပေါ်မှာပါတဲ့ ကျေးရွာတွေက ဈေးဝယ်လာတဲ့ ကားတွေကို ဖမ်းဆီး စစ်ဆေးတာ သူတို့ မသင်္ကာတဲ့ ဈေးကားတွေဆို ရပ်ခိုင်းပြီး ယာဉ်မောင်းပါ ရိုက်နှက် ထိုးကြိတ်တာ ကားပေါ်ပါလာသူတွေဆီက တစ်ယောက်ကို ငွေကျပ် ၂၀၀၀၀ တောင်းယူတယ်” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုသို့ ၎င်းတို့ ငွေကြေး တောင်းခံရိုက်နှက်သည်ကို ပြန်လည် တိုင်ကြားပါက ကားပေါ်တွင် လိုက်ပါလာသူအားလုံးကို အပြန်၌ ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများပါ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်တပ်၏ မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ကန်ပက်လက်မြို့ အရှေ့ခြမ်း တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အလားတူ ယနေ့ ညနေ ၆ နာရီကျော်ခန့်တွင်လည်း မင်းတပ်မြို့အနီး တစ်နေရာကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၂ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မင်းတပ်မြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၂ ရက်၊ ၁၀ ရက်၊ ဇွန်လ ၈ ရက်၊ ဇွန်လ ၇ ရက်နှင့် ဇွန်လ ၆ ရက်နေ့တို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။




