ရန်ကုန်၊ ဇွန် ၁၄
ထိုင်းနိုင်ငံတွင် မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်ခွင့်မရှိသည့် ကန့်သတ်အလုပ် ၁၀ မျိုးကို အထူးသတိပြုရန် ထိုင်းအစိုးရက သတိပေးချက်ထုတ်ပြန်သည်။
ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး နိုင်ငံကူးလက်မှတ် (Passport) နှင့် အလုပ် သမားပါမစ် (Work Permit) ရှိထားရုံဖြင့် မိမိကြိုက်နှစ်သက်သည့် မည်သည့်အလုပ်အကိုင်မျိုးမဆို ရွေးချယ်လုပ်ကိုင်ခွင့်မရှိကြောင်း၊ ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသည့် အလုပ်အကိုင်များကို လုပ်ကိုင်ပါက ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတိပေးချက် ထပ်မံထုတ်ပြန်သည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲမှုဆိုင်ရာ အရေးပေါ်အမိန့်ဒီဂရီအရ အချို့သောအလုပ်အကိုင်များကို ထိုင်းနိုင်ငံသားများ၏ အကျိုးစီးပွားအတွက်သာ ကာကွယ်စောင့်ရှောက်ရန် သီးသန့်ကန့်သတ်ထားကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ လုံးဝ (လုံးဝ) မလုပ်ကိုင်ရန် “တင်းကျပ်စွာ တားမြစ်ထားသည့်” အန္တရာယ်ကြီးမားသော အလုပ်အကိုင် ၁၀ မျိုး ရှိကြောင်း သိရှိရသည်။
ရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်အလုပ် ၁၀ မျိုးတွင် လမ်းဘေး ဈေးရောင်းခြင်းပါဝင်ပြီး ဈေးဆိုင်တွန်းလှန်များဖြင့် ရောင်းချခြင်း၊ လမ်းဘေး ပလတ်ဖောင်းများတွင် ဆိုင်ခင်းခြင်း၊ လမ်းလျှောက်ဈေးရောင်းခြင်းနှင့် ထီလက်မှတ် လှည့်လည်ရောင်းချခြင်းများ ပါဝင်သည်ဟု သိရှီရသည်။
ယင်းအပြင် ပွဲစား သို့မဟုတ် အကျိုးဆောင်လုပ်ငန်း ၊ အလှပြင်၊ လက်သည်းခြေသည်းနှင့် ဆံပင်ညှပ်လုပ်ငန်း၊ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ တက္ကစီ၊အငှားလိုင်းကား၊ သုံးဘီး၊ဘတ်စ်ကား သို့မဟုတ် အခြားအများပြည်သူသုံးယာဉ်များ မောင်းနှင်ခြင်း၊ ဧည့်လမ်းညွှန် (Tour Guide) လုပ်ငန်း၊ ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ရှေ့နေ၊ ဥပဒေအကြံပေး သို့မဟုတ် တရားစွဲဆိုမှုဆိုင်ရာ ဝန်ဆောင်မှုများ၊ လက်ယက်ကန်းလုပ်ငန်း၊ ရိုးရာလက်မှုပညာရပ်များဖြစ်သည့် သစ်သားပန်းပုထုခြင်း၊ ငွေထည်၊ ရွှေထည်၊ ကျောက်သွေးသတ္တုထည်များနှင့် ထိုင်းရိုးရာရုပ်သေးရုပ်လုပ်ခြင်း၊ လုံခြုံရေးလုပ်ငန်းများတွင် မြန်မာ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ခွင့်မရှိကြောင်း သိရှိရသည်။
အဆိုပါ တားမြစ်ထားသည့် အလုပ်အကိုင်များကို အဓိကအလုပ်အဖြစ်ဖြစ်စေ၊ ဘေးတွဲ (အချိန်ပိုင်း) အလုပ်အဖြစ်ဖြစ်စေ လျှို့ဝှက်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ကင်းလွတ်ခွင့်မရှိဘဲ
ပြစ်ဒဏ်အဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရမည့်အပြင် ထိုင်းနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရမည် ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ပြစ်ဒဏ်ချမှတ်ခံရသည့်နေ့မှစ၍ ၂ နှစ်အထိ အလုပ်ပါမစ် ထပ်မံလျှောက်ထားခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း၊ အလုပ်ရှင်များအတွက် ပြစ်ဒဏ်အနေဖြင့် သတ်မှတ်ပိုင်ခွင့်ထက် ကျော်လွန်၍ နိုင်ငံခြားသားကို ခိုင်းစေသော အလုပ်ရှင်များသည် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း၊ ပြစ်မှုထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ထိုင်းဘတ်ငွေ ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည့်အပြင် နိုင်ငံခြားသားအလုပ်သမား ခိုင်းစေခွင့် ၃ နှစ် ပိတ်ပင်ခံရမည်ဖြစကြောင်း သိရှိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရှိ အလုပ်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလုပ်လုပ်ခွင့် ပါမစ်တွင် ဖော်ပြထားသော အလုပ်အမျိုးအစားနှင့် လက်တွေ့လုပ်ကိုင်နေသည့် တာဝန်များ ကိုက်ညီမှု ရှိမရှိကို သေချာစွာ စစ်ဆေးပြီး ဥပဒေအရ အရေးယူခံရမှုများနှင့် တရားဝင်လုပ်ကိုင်ခွင့် ဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်ကြရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက အထူး သတိပေးထားသည်။
ကိုးကား- The Nation ။




