ရန်ကုန်၊ ဇွန် ၁၄
ချင်းပြည်နယ်အတွင်းရှိ ဇိုဖေရမ်ကောင်စီရုံးစိုက်ရာ Chinland Defense Force – Zophei (CDF-Zophei) ဌာနချုပ်ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးအလုံးပေါင်းများစွာ ကျဲချတိုက်ခိုက်ခဲ့မှုအပေါ် ချင်းတစ်မျိုးသားလုံးဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ဇိုဖေရမ်ကောင်စီ (Zopheiram Council) က ဇွန်လ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအတွင်း စစ်ကောင်စီတပ်သည် လေတပ်စခန်းအသီးသီးမှ တိုက်ခိုက်ရေးလေယာဉ် ၈ စီးဖြင့် CDF-Zophei ဌာနချုပ်ကို ၁၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် တံတားဦးလေတပ်မှ Yak-130 ၂ စီးဖြင့် ၄ ကြိမ်၊ နေပြည်တော်လေတပ်မှ Yak-130 ၂ စီးဖြင့် ၃ ကြိမ်၊ မကွေးလေတပ်မှ JF-17 Thunder ၂ စီးဖြင့် ၂ ကြိမ်၊ ရှမ်းတဲလေတပ်မှ MIG-29 ၁ စီးဖြင့် ၂ ကြိမ်နှင့် တံတားဦးလေတပ်မှ Y-12 စစ်ဘက်လေယာဉ်တစ်စီးဖြင့် ၄ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ပေါင် ၅၀၀ ဗုံးသီး ၁၁ လုံးအပါအဝင် စုစုပေါင်း ဗုံးအလုံးရေ ၆၂ လုံးကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ အကြမ်းဖက်စစ်တပ်၏ ရက်စက်စွာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဇိုဖေရမ်အစိုးရ ကျန်းမာရေးဌာန အတွင်းရေးမှူး မိုင်ဗန်ဒေါ့သ်ချင်း ကျဆုံးခဲ့ရပြီး၊ တခြားရဲဘော် ၃ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။
ဒဏ်ရာရရှိသည့် ရဲဘော်များကို လုံခြုံသည့်နေရာတွင် ဆေးကုသပေးလျက်ရှိပြီး၊ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုကြောင့် အထိအခိုက်အနည်းဆုံးဖြင့် ရှောင်တိမ်းနိုင်ခဲ့ကြောင်း ဇိုဖေရမ်ကောင်စီက ဆိုသည်။ အဖွဲ့အစည်းအတွင်း အားကိုးရသည့် ခေါင်းဆောင်တစ်ဦး ဆုံးရှုံးခဲ့ရမှုအပေါ် ဝမ်းနည်းကြေကွဲရပြီး အမြင့်မြတ်ဆုံးသော ဂုဏ်ပြုခြင်းဖြင့် အလေးပြုကြောင်း ထုတ်ပြန်ကြေညာသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုင်ငံတကာအသိအမှတ်ပြုမှုရရန် အိမ်နီးချင်းနိုင်ငံများနှင့် တွေ့ဆုံစဉ်အတွင်း အဖွဲ့အစည်းပေါင်းစုံနှင့်တွေ့ဆုံ၍ နိုင်ငံရေးအရ အဖြေရှာမည်ဟု ပြောကြားခဲ့သော်လည်း၊ လက်တွေ့မြေပြင်တွင် လက်နက်အားကိုးကာ ထိုးစစ်အရှိန်မြှင့်၍ နေ့စဉ် ဗုံးကျဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဝေဖန်ထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လိမ်လည်မှုများကို နားမယောင်ဘဲ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်ကြရန် တိုက်တွန်းထားသည်။
လက်ရှိတွင် CDF-Zophei အနေဖြင့် တပ်အင်အား ဆက်လက်စုစည်းခြင်းနှင့် ပြန်လည်နေရာချထားခြင်းများကို လုပ်ဆောင်လျက်ရှိပြီး၊ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ပြည်တွင်းပြည်ပ ပြည်သူများ၏ ထောက်ခံမှုဖြင့် ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်




