26.5 C
Yangon

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် “Proof of Life” ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ပြီး တောင်ကိုရီးယားအစိုးရနှင့် ကိုရီးယားလွှတ်တော်ကို အိတ်ဖွင့်ပေးစာ ပေးပို့

Must read

ရန်ကုန်၊ ဇွန် ၁၄

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ်ပြည့် မွေးနေ့ “သက်ရှိထင်ရှား သက်သေပြပါ” ၊ “Proof of Life” ကမ်ပိန်း လှုပ်ရှားမှုကို ယနေ့ မွန်းလွဲပိုင်းတွင် ဆိုးလ်မြို့လယ် မြောင်ဒုံ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ပြည်သူတရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ ပြင်းပြင်းထန်ထန် တောင်းဆိုကြောင်း ယနေ့ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောဆိုသည်။

တော်လှန်ပြည်သူ ၂၀၀ ခန့်ပါဝင်သည့် ကမ်ပိန်း ဆန္ဒပြပွဲကို ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူး‌ပေါင်းစီစဉ်ကြခြင်းဖြစ်ပြီး ထိုဆန္ဒပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ဒေါ်‌အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတောင်းဆိုခြင်းနှင့် တော်လှန်ရေးအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတကာစည်းရုံးရေးကော်မတီ ကိုရီးယားဌာနခွဲ ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်း‌ပေါ်မောင်၊ MFDMC အတွင်းရေးမှူး ကိုလင်းအိမ် တို့က တော်လှန်ရေး အားပေးစကားနှင့် Proof of Life ကင်ပိန်းအကြောင်း ရှင်းလင်းပြောဆိုခဲ့ပြီး ယနေ့ဆန္ဒပြပွဲမတိုင်မီက ဒေါ်‌အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုရီးယားအစိုးရနှင့် ကိုရီးယားလွှတ်တော်တို့မှ ထုတ်ဖော်တောင်းဆိုရန် တိုက်တွန်းထားသည့် အိတ်ဖွင့်ပေးစာကိုလည်း ပေးပို့ထားကြောင်း သိရှိရသည်။

အဆိုအိတ်ဖွင့်ပေးစာတွင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိ၊ မရှိ ဟူသော ခိုင်လုံပြီး ယုံကြည်စိတ်ချရသည့် အတည်ပြုချက်နှင့် သက်သေအထောက်အထားကို မြန်မာစစ်ကောင်စီက နိုင်ငံတကာသို့ အမြန်ဆုံး ချပြလာစေရန်၊ လူသားချင်းစာနာမှု ရှုထောင့်မှနေ၍ ဝိုင်းဝန်းဖိအားပေးကူညီတိုက်တွန်းပေးရန်၊ သားဖြစ်သူ ကင်အဲရစ်နှင့် မိသားစုဝင်များ၊ ပြင်ပကမ္ဘာနှင့် တိုက်ရိုက်ဆက်သွယ်ခွင့် ရရှိစေရေးနှင့် ၎င်းရရှိသင့်သည့် အခြေခံ ဆေးဝါးကုသခွင့်၊ လူ့အခွင့်အရေးများ အပြည့်အဝရရှိ စေရန် ကူညီပြောဆိုပေးရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် မြန်မာစစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ ဆက်လက်ဖိအားပေး ပြောဆိုပေးရန်စသည့် အချက် ၃ ချက်ကို တောင်းဆိုထားသည်။

ထို့ပြင် ယ‌နေ့ ထုတ်ပြန်သည့် တောင်းဆိုချက်တွင် မြန်မာပြည်သူလူထုသည် စစ်အာဏာရှင်တို့၏ မတရားဖိနှိပ်မှု၊ အကြမ်းဖက်မှုနှင့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းမျိုးစုံကို ခါးစည်းခံနေရသော်လည်း ဒူးထောက်အရှုံးမပေးဘဲ တော်လှန်ရေးအရှိန်အဟုန်ကို တစိုက်မတ်မတ် ဆက်လက် သယ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ပြည်သူတို့၏ ရဲရဲတောက်စိတ်ဓာတ်သည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုတောက်လောင်လျက်ရှိကြောင်း၊ ကျွန်ုပ်တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ ပြည်နယ်/တိုင်း ဖက်ဒရယ်ယူနစ်များ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) တို့၏ စည်းလုံးညီညွတ်စွာ ဦးဆောင်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးကြိုဆိုလျက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article