26.4 C
Yangon

မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာ ၁၀ ဦး ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ မြန်မာ ၃၆ ဦးမှာလည်း ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ခံရ

Must read

ရန်ကုန်၊ ဇွန် ၁၅

မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ် (Kedah)၊ လန်ကာဝီကျွန်း (Pulau Langkawi) ရှိ စီးပွား ရေးလုပ် ငန်းခွင်များနှင့် စားသောက်ဆိုင်များကို အာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၀ ဦး အပါအဝင် ၁၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လန်ကာဝီကျွန်းဌာနခွဲမှ အရာရှိများသည် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လန်ကာဝီကျွန်းပတ်ဝန်းကျင်ရှိ စားသောက်ကုန်လုပ်ငန်း၊ ဆိုင်ခန်းများနှင့် အထွေထွေလုပ်ငန်းခွင် စုစုပေါင်း နေရာ ၈ ခုကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးမှုအတွင်း မလေးရှားနိုင်ငံသားများနှင့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ် သမား စုစုပေါင်း ၅၄ ဦး၏ အထောက်အထား စာရွက်စာတမ်းများကို စစ်ဆေးခဲ့ရာတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦး (အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၂ ဦး)၊ ထိုင်းနိုင်ငံသား အမျိုးသား ၆ ဦးနှင့် ပါကစ္စတန်နိုင်ငံသား အမျိုးသား ၁ ဦး စုစုပေါင်း နိုင်ငံခြားသား ၁၇ ဦးတို့ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် နိုင်ငံခြားသား ၁၇ ဦးလုံးကို မလေးရှားနိုင်ငံအတွင်း နေထိုင်ရန် တရားဝင်ဗီဇာနှင့် ခရီးသွားလာခွင့် အထောက်အထား မရှိခြင်း၊ ခွင့်ပြုချက်သက်တမ်း ကျော်လွန်နေထိုင်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အလုပ်ပါမစ် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း စသည့် ပြစ်မှုများဖြင့် လန်ကာဝီကျွန်း လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ထိန်းသိမ်းထားသည်။ ထို့ပြင် ၎င်းတို့ကို အလုပ်ခန့်ထားသည့် ဆိုင်ရှင်နှင့် အလုပ်ရှင်များကိုပါ ဥပဒေအရ ဆက်လက်စစ်ဆေး အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

အလားတူ မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် (Johor) ရှိ ပီကန်နာနတ်စ် (Pekan Nanas) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ပြစ်ဒဏ်စေ့ လွတ်မြောက်လာသူ မြန်မာနိုင်ငံသား ၃၆ ဦး အပါအဝင် နိုင်ငံခြားသားအကျဉ်းသား ၁၃၂ ဦးကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်နှင်ထုတ်လိုက်ကြောင်း ဂျိုဟိုးလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ဒုတိယပတ်အတွင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနသည် ထိန်းသိမ်းရေးစခန်းများအတွင်း အကျဉ်းသား ပြည့်ကြပ်နေမှုကို လျှော့ချရန်အတွက် ပြစ်ဒဏ်စေ့ အကျဉ်းသား ၁၃၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြန်လည်နှင်ထုတ်ခံရသူများတွင် မြန်မာနိုင်ငံသား ၃၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅၄ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၇ ဦး၊ နီပေါနိုင်ငံသား ၁၃ ဦး၊ ပါကစ္စတန်နိုင်ငံသား ၈ ဦး၊ အိန္ဒိယနိုင်ငံသား ၃ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး တို့ ပါဝင်သည်။

ပြစ်ဒဏ်မှ လွတ်မြောက်လာသူများသည် လူဝင်မှုကြီးကြပ်ရေးဥပဒေအပါအဝင် အခြားသော ပြစ်မှုအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသူများ ဖြစ်ကြသည်။

၎င်းတို့ကို ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် စတူလန်းလော့ဒ် (Stulang Laut) သင်္ဘော ဆိပ်ကမ်းတို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများထံသို့ လေကြောင်း၊ ရေကြောင်းခရီးစဉ်များဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်နှင်ထုတ်ခံရသည့် မြန်မာနိုင်ငံသား ၃၆ ဦး အပါအဝင် နိုင်ငံခြားသားအကျဉ်းသား ၁၃၂ ဦးလုံးကို အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article