ရန်ကုန်၊ ဇွန် ၁၅
မြေပြင်တွင် ထင်သာမြင်သာရှိသော တိုးတက်မှုတစ်စုံတစ်ရာ မပြသနိုင်ဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာစစ်ကောင်စီနှင့် သီးခြားစီ သွားရောက်တွေ့ဆုံနေခြင်းသည် စစ်ကောင်စီကို တရားဝင်မှု ပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်ပြီး အာဆီယံ၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများက သတိပေးလိုက်သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ‘ဆူဂျီယိုနို’ (Sugiono) ၏ ဇွန်လ ၈ ရက်နေ့ မြန်မာနိုင်ငံခရီးစဉ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်ဒိုနီးရှားဝန်ကြီးတစ်ဦး၏ ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ် ဖြစ်လာခဲ့ပြီး၊ ၎င်းသည် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ဆက်ဆံရေးဗျူဟာ ပြောင်းလဲလာနိုင်ခြေရှိမှုကို ထင်ဟပ်နေသည်။
လေ့လာဆန်းစစ်သူများကမူ ယခုခရီးစဉ်ကို ကြီးမားသည့် မူဝါဒအပြောင်းအလဲထက် “လက်တွေ့ကျကျ ပြန်လည်ညှိနှိုင်းခြင်း” အဖြစ်သာ ရှုမြင်ကြသည်။
မြန်မာစစ်ကောင်စီကို အထီးကျန်အောင် ပိတ်ဆို့ထားခြင်းက အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုးတက်မှုမရှိစေကြောင်း အဖွဲ့ဝင်နိုင်ငံများက အသိအမှတ်ပြုလာကြခြင်း ဖြစ်သည်။
အဆိုပါခရီးစဉ်သည် အာဆီယံအတွင်း ဖြစ်ပေါ်နေသော လမ်းကြောင်းသစ်တစ်ခု၏ အစိတ်အပိုင်းလည်း ဖြစ်သည်။ မကြာသေးမီကပင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ‘သီဟစပ်’ (Sihasak Phuangketkeow) က ဧပြီလတွင်လည်းကောင်း၊ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ‘မိုဟာမက် ဟာဆန်’ (Mohamad Hasan) က မေလတွင်လည်းကောင်း နေပြည်တော်သို့ အသီးသီးသွားရောက်ကာ စစ်ကောင်စီနှင့် တိုက်ရိုက်ဆက်သွယ်စကားပြောနိုင်မည့် လမ်းကြောင်းများကို ရှာဖွေခဲ့ကြသည်။
အင်ဒိုနီးရှားသည် မြန်မာစစ်ကောင်စီကို အရေးယူရန် အာဆီယံအတွင်း အသံအကျယ်ဆုံး ထွက်ခဲ့သည့် နိုင်ငံဖြစ်သောကြောင့် ယခုခရီးစဉ်သည် ပိုမိုစောင့်ကြည့်ခြင်း ခံခဲ့ရသည်။
ယင်းခရီးစဉ်အတွင်း အင်ဒိုနီးရှားဝန်ကြီး ဆူဂျီယိုနိုသည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အင်ဒိုနီးရှားက ထောက်ခံကြောင်း သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ၏ သဝဏ်လွှာကို ပေးအပ်ခဲ့ပြီး၊ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် ဆွေးနွေးမှုများသည် “ရင်းနှီးပွင့်လင်းပြီး တည်ဆောက်မှုဆန်သည့် အခင်းအကျင်း” တွင် ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
စင်ကာပူအခြေစိုက် ISEAS – Yusof Ishak Institute ၏ အာဆီယံလေ့လာရေးစင်တာမှ အကြီးတန်းအရာရှိ ဂျိုအန်းလင်း (Joanne Lin) က “ဒါကို လက်တွေ့ကျကျ ပြန်လည်ညှိနှိုင်းတာလို့ မြင်နိုင်ပါတယ်။ ပိတ်ဆို့အထီးကျန်ရုံတင်နဲ့ ဘာတိုးတက်မှုမှ မရဘူးဆိုတာကို ဂျကာတာက သဘောပေါက်လာတာပါ။ အင်ဒိုနီးရှားအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်ပြီး ထောက်ခံနေတုန်းပဲ ဖြစ်ပေမယ့် ပြောင်းလဲလာတာကတော့ အလေးပေးတဲ့ ပုံစံပဲ ဖြစ်ပါတယ်” ဟု The Straits Times သတင်းစာသို့ ပြောကြားခဲ့သည်။
ဤသို့ ဆက်ဆံရေးလမ်းကြောင်းသစ် ရှာဖွေမှုများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲများကို အတိုက်အခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသော်လည်း ယင်းရွေးကောက်ပွဲကြောင့် မင်းအောင်လှိုင်သည် ဧပြီလတွင် သမ္မတ ဖြစ်လာခဲ့ပြီးနောက် အာဆီယံအတွင်း မြန်မာ့ဦးဆောင်မှုကို မည်သို့ဆက်ဆံရမည်နည်းဆိုသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံသည် စစ်ကောင်စီခေါင်းဆောင်များကို အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သော်လည်း တိုးတက်မှုမရှိသည့်အတွက် ချဉ်းကပ်ပုံကို ပြန်လည်သုံးသပ်လာကြခြင်း ဖြစ်သည်။ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ‘ကော်ကင်ဟွန်’ (Kao Kim Hourn) ကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံရန် သဘောတူထားကြောင်း မေလ ၈ ရက်နေ့က Reuters သို့ ပြောကြားခဲ့သည်။
ISEAS မှ ပညာရှင် ဂျူလီယာလော (Julia Lau) ကလည်း “အင်ဒိုနီးရှားရဲ့ လေသံက ပျော့ပြောင်းလာသလို ထင်ရပေမယ့် မူဝါဒတစ်ခုလုံး အခြေခံကျကျ ပြောင်းလဲသွားတာ မဟုတ်ဘူး။ မြန်မာ့အကျပ်အတည်းမှာ စေ့စပ်ညှိနှိုင်းရေးသမား သို့မဟုတ် ကြားခံအဖြစ် အင်ဒိုနီးရှားက အခန်းကဏ္ဍတစ်ခုကနေ ဆက်ပြီး ပါဝင်နိုင်ဦးမယ်လို့ ယုံကြည်နေဆဲဖြစ်တာ ထင်ရှားပါတယ်” ဟု သုံးသပ်သည်။
စင်ကာပူနိုင်ငံ Solaris Strategies မှ အကြီးတန်းနိုင်ငံတကာရေးရာဆန်းစစ်သူ ဒေါက်တာ မူစတာဖာ အစ်ဇူဒင် (Dr Mustafa Izzuddin) က “ရလဒ်က အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မြန်မာ့အရေး ဖြေရှင်းဖို့ ဆက်လက်ကြိုးပမ်းနေတဲ့ အင်ဒိုနီးရှားကို အသိအမှတ်ပြုရပါမယ်။ သမ္မတ ပရာဘိုဝို လက်ထက်မှာ အင်ဒိုနီးရှားဟာ ပဋိပက္ခတွေကို လူသားချင်းစာနာမှုဖြင့် ဝင်ရောက်ဖြေရှင်းပေးမယ့် လက်တွေ့ကျတဲ့ မဇ္ဈိမအင်အားကြီးနိုင်ငံ (Middle Power) အဖြစ် ပုံဖော်နေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အင်ဒိုနီးရှား လေ့လာစောင့်ကြည့်သူအချို့ကမူ အင်ဒိုနီးရှား၏ နိုင်ငံရေးအတိတ်သမိုင်း (၁၉၉၈ ခုနှစ်နောက်ပိုင်း စစ်တပ်က နိုင်ငံရေးမှ တဖြည်းဖြည်းဆုတ်ခွာပြီး နောက်ပိုင်းတွင် စစ်ဘက်ခေါင်းဆောင်ဟောင်းများ ရွေးကောက်ပွဲမှတစ်ဆင့် အရပ်သားအစိုးရအဖြစ် ပြန်လည်တက်လာသည့် ဖြစ်စဉ်) သည် မြန်မာ့အရေး စဉ်းစားချက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်ကြသည်။
သို့သော်လည်း ယခုကဲ့သို့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွင် ကြီးမားသည့် စွန့်စားရမှုများ ရှိနေသည်။
ပညာရှင် ဂျိုအန်းလင်းက “မြေပြင်မှာ ထင်သာမြင်သာရှိတဲ့ တိုးတက်မှု မပြနိုင်ဘဲ သီးခြားစီ သွားရောက်တွေ့ဆုံနေခြင်းက စစ်ကောင်စီကို တရားဝင်မှု ပေးလိုက်သလို ဖြစ်သွားနိုင်ပြီး အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်” ဟု သတိပေးပြောကြားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဘုံရည်မှန်းချက်မရှိဘဲ သီးခြားစီ သံတမန်ရေးအရ ချဉ်းကပ်နေပါက အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။
ထို့အပြင် ဂျူလီယာလောကလည်း မြန်မာနိုင်ငံကို ဒေသတွင်း သံတမန်ရေးရာတွင် မည်မျှအထိ ပြန်လည်ပူးပေါင်းခွင့်ပေးမည်နည်းဟူသည့်အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ရှိနေသဖြင့်၊ ယခုလုပ်ရပ်က အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ပိုမိုပျက်ပြားလွယ်ကြောင်း ပြသရာရောက်သွားနိုင်သည်ဟု သတိပေးပြောကြားထားပါသည်။
(Indonesia’s Myanmar visit draws attention to ASEAN engagement ပါ သတင်းအချက် အလက်များကို ပြန်လည် ထုတ်နုတ် ဘာသာပြန်ဆိုထားပါသည်။ )




