26.4 C
Yangon

စစ်အုပ်စု၏ ပြောစကားများသည် ငြိမ်းချမ်းရေးကို လိုလားခြင်းမဟုတ်ပဲ တော်လှန်ရေးအင်အားစုများ ပြိုကွဲပျက်စီးအောင် ဆောင်ရွက်နေသည်ကို သိရှိနားလည်ကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC ဥက္ကဋ္ဌ နိုင်မွန်စိုင်း တိုက် တွန်း

Must read

ရန်ကုန်၊ ဇွန် ၁၅

စစ်အုပ်စု၏ ပြောစကားများသည် ငြိမ်းချမ်းရေးကို လိုလားခြင်းမဟုတ်ပဲ တော်လှန်ရေးအင်အားစုများ ပြိုကွဲပျက်စီးအောင် ဆောင်ရွက်နေသည်ကို သိရှိနားလည်ကြရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ- MSFC ဥက္ကဋ္ဌ နိုင်မွန်စိုင်း က တိုက်တွန်းလိုက်သည်။

ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပသော မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ စတုတ္ထအကြိမ် ညီလာခံ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက မေးမြန်းရာတွင် ၎င်းက ထည့်သွင်းပြောဆိုကာ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“မွန်ပြည်နယ်က ပြည်သူတွေရော တိုက်တွန်းချင်တာက လက်ရှိစစ်ကော်မရှင်ကနေ အတုအယောင် ရွေးကောက်ပွဲ လုပ်လိုက်ပြီးတော့ အာဏာထပ်ရတယ်၊ အာဏာထပ်ရတော့ ရက် ၁၀၀ အတွင်း မှာ ငြိမ်းချမ်းရေးကိစ္စတွေဘာ‌တွေ ပြောနေတယ်ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ ပြည်သူလူထုတွေကို ဗုံး ကျဲတယ်။ အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေရှိတယ်ဆိုတော့ လက်ရှိအသွင်ပြောင်းစစ်အစိုးရ ရဲ့ ပြောစကားတွေက တကယ်တမ်းကျတော့ ငြိမ်းချမ်းရေးကို လိုလားတာမဟုတ်ဘူး။ တော်လှန်ရေး အင်အားစုတွေ ပြိုကွဲသွားအောင်၊ ပျက်စီးသွားအောင် ဆောင်ရွက်နေတာဖြစ်ပါ တယ်။ ဒါကြောင့် သူ တို့ရဲ့ ကလိမ်ကကျစ်ဆန်တဲ့ နည်းပရိယာယ်ကို အားလုံးသိရှိနားလည်ဖို့ လိုပါမယ်။ တချိန်တည်းမှာ ကျနော်တို့က တော်လှန်ရေးကို ဆက်ပြီးတော့ လုပ်ကိုင်နေဆဲဖြစ်တယ်။ နောက်ပြီးတော့ တခြား သော ဖက်ဒရယ်ယူနစ်တွေနဲ့လည်းပေါင်းပြီးတော့ အင်အားကောင်းလာဖို့ ဆောင်ရွက်နေတာ ဖြစ် တဲ့အတွက် ကျနော်တို့ကို ဆက်လက်ပြီးတော့ ဝိုင်းဝန်းကူညီထောက်ပံ့မှုတွေ ဆက်ပြီးတော့လုပ် ဆောင်ပေးကြပါလို့ ပြောချင်ပါတယ်။” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ- MSFC ဥက္ကဋ္ဌနိုင်မွန်စိုင်းက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် လက်ရှိ တော်လှန်ရေးကာလအတွင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပါဝင်ခဲ့ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများ (State/Federal Units) တို့နှင့် ပူးပေါင်း၍ အသွင်ကူး ပြောင်းရေးကာလဆိုင်ရာ အစီအမံ (AFTA) ရေးဆွဲရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် ဆောင် ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် မွန်ပြည် (နယ်) အတွင်း မတူကွဲပြားသော နိုင်ငံရေး၊ စစ်ရေးနှင့် လူထုအစုအဖွဲ့များအကြား တူညီသော ပြည်နယ်ကိုယ်စားပြုမှု ခိုင်မာရေးနှင့် တော်လှန်ရေးအင်အား တိုးတက်ခိုင်မာရေးအတွက် ပြည်နယ်အတွင်းရှိနိုင်ငံရေး၊ စစ်ရေးအင်အားစုများနှင့် ပူးပေါင်းကာ မွန်ပြည်တော်လှန်ရေး ချာတာ တစ်ရပ်ကိုလည်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ လောလောဆယ် ချာတာရေးဆွဲနေတာရှိပါတယ်။ ချာတာရဲ့ အဓိကတော့ ကျနော်တို့ မွန်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ပေါ်ပေါက်လာဖို့ ရေးဆွဲနေ တယ်။ ချာတာထဲမှာတော့ မွန်ပြည်နယ်ထဲမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးပါဝင်လာ ဖို့ ၊ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ အဓိကတော့ တော်လှန်ရေးထဲမှာ အားကောင်းမောင်းသန်ပါလာဖို့ဆိုပြီး ချာတာထဲမှာ ရေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီချာတာက အခုရေးနေဆဲဖြစ်ပါတယ်။ နောက်လ ဇူလိုင်လောက်ဆိုရင် ချာတာပြီးအောင် ရေးနေပါတယ်လို့ ပြော ချင်ပါတယ်” မွန်ပြည်ဖက်ဒရယ်ကောင်စီ- MSFC ဥက္ကဋ္ဌနိုင်မွန်စိုင်းက ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သော မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ စတုတ္ထအကြိမ် ညီလာခံတွင် ကောင်စီတစ်ရပ်လုံးနှင့် ကော်မတီ ၃ ရပ်၏ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုခဲ့ပြီး ကောင်စီနှင့် ကော်မတီ ဖွဲ့စည်းပုံများကိုလည်း ပြန်လည် အတည်ပြုခဲ့ကြောင်း၊ နိုင်ငံရေး၊ စစ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စေရန် မဟာမိတ် တော်လှန်ရေးအင်အားစုများနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး စစ်အာဏာရှင် လက်အောက်မှ အပြီး တိုင် လွတ်မြောက်ရေးအတွက် အပြင်းအထန် ကြိုးပမ်း ဆောင်ရွက်သွားမည် ကြောင်း အသိပေးထားသည်။

လက်ရှိတော်လှန်ရေးအခြေအနေကို သုံးသပ်မယ်ဆိုရင် မွန်ပြည်နယ်အတွင်းမှာရှိတဲ့ အင်အားစုတွေ အားလုံးက မစုစည်းနိုင်သေးတဲ့ အခြေအနေမှာရှိတယ်။ မွန်ပြည်နယ်မြောက်ပိုင်းမှာလည်း တော်လှန် ရေးအင်အားစုတွေ ရှိသလို ကျနော်တို့ကတော့ မွန်ပြည်နယ်တောင်ပိုင်း တနင်္သာရီဒေသမှာလည်း ကျနော်တို့ရှိနေတယ်။ ဒီဘက်မှာတော့ ပူးပေါင်းဆောင်ရွက်မှုတချို့တွေရှိတယ်။ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေရှိတယ်၊ နောက်ပြီးတော့ တခြားသော ကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေမှာ ပူးပေါင်း‌ ဆောင်ရွက်မှုတွေရှိတယ်။ နောင်ဆိုရင်တော့ မွန်ပြည်နယ်မြောက်ပိုင်းနဲ့ ဘယ်လိုဆက်သွယ်ဆောင် ရွက်ရမလဲဆိုတာတော့ ဆွေးနွေးကြတယ်၊ နောက်ပိုင်းဆိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စကို ဆက်လုပ်ကြဖို့ရှိပါတယ်။” ဟု မွန်ပြည်ဖက် ဒရယ်ကောင်စီ- MSFC ဥက္ကဋ္ဌနိုင်မွန်စိုင်းက ရှင်းပြသည်။

တစ်ချိန်တည်းတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီသည် မိဘပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တ နေသည့် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရေး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရေး အ တွက် အခြားသော ပြည်နယ်များ/ ဖက်ဒရယ်ယူနစ်များနှင့်အတူ မဟာဗျူဟာနှင့် နိုင်ငံရေးကဏ္ဍ၊ စစ် ရေး၊ နိုင်ငံခြားရေးနှင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article