ရန်ကုန်၊ ဇွန် ၁၆
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော ကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး အိုးအိမ်အဆောက်အအုံများနှင့် တိရစ္ဆာန်များ သေဆုံးပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။
ရခိုင်ဒေသသတင်းရင်းမြစ် ဖြစ်သော Arakan Princess Media ၏ ဖော်ပြချက်အရ အာရက္ခပြည်၊ ဂွမြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့ ညဉ့်အချိန်၌ စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးချတိုက်ခိုက်မှု ၂ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တပ်က ဂွမြို့နယ်၊ ကျောက်ချွန်ရွာအား ဇွန်လ ၁၄ ရက်နေ့ ညဉ့် ၁၁ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ်နှင့် ညဉ့် ၁၂ နာရီ ၃ မိနစ်တွင် တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ်တိုင်တိုင် လေကြောင်းမှ ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ချွန်ရွာရှိ စာသင်ကျောင်း၊ နေအိမ်နှင့် နွားတဲများ ပြိုကျကာ နွား ၁ ကောင်လည်း ထိမှန်သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။
ထို့အပြင် ဇွန်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီ၏ နေဗီ (စစ်ရေယာဉ်) တစ်စီးမှ ကျိန္တလီမြို့၊ တောင်ပေါ်ဒေသများကို ဦးတည်၍ လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ခြမ်းတစ်နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုထားသည်။
ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၀၅ မိနစ်ခန့်အချိန် မုံရွာမြို့နယ်တောင်ခြမ်း မုံရွေးတိုးဂိတ် စစ်တပ်အထိုင်မှ တက်လာသော Attack Drone (တိုက်ခိုက်ရေးဒရုန်း) တစ်စီးနှင့် မအူဂိတ်ရှိ စစ်ကောင်စီတပ်တို့က အရပ်သားပြည်သူများ နေထိုင်ရာ ဒေသတစ်ခုသို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့တာပါ။အသေခံဒရုန်းက ၂ ကြိမ် ၊ လက် နက်ကြီး ပစ်ခတ်မှုကတော့ စစ်တပ်ရဲ့ မအူဂိတ်ကနေ လက်နက်ကြီး ပစ်ခတ်တာ ၂ ကြိမ်၊ အဲဒီ တစ်နေရာကို စစ်ခွေး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်မှုလည်း ရှိထားပါတယ်။ လူထိခိုက်မှု ပြည်သူ ၁ ယောက် မစိုးရိမ် ထိခိုက်ဒဏ်ရာရှိပါတယ်”ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ မေလ ၉ ရက်နေ့ကလည်း မုံရွာ ကျောက်စစ်ပုံ အမြောက်တပ်မှ စစ်ကောင်စီတပ်သားများက ဘူးတောင်းကန်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ- APM။






