ရန်ကုန်၊ ဇွန် ၁၆
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၁ ဦးသေဆုံးပြီး စစ်တပ်က သင်းတပေါ့ရွာသား ကိုညိုချောကို PDF ယူနီဖောင်းဝတ်ဆင်ခိုင်းကာ သတ်ဖြတ်ပြီး ပြည်သူ ၃ ဦးကိုဖမ်းဆီး၍ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၇ ရက်နေ့မှ စတင်ပြီး နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုးနေသော စစ်တပ်ကို နွားထိုးကြီး ပကဖ နှင့်အတူ မြင်းခြံခရိုင် ပကဖ ၊မြင်းခြံခရိုင် အမှတ် (၁/၂/၃/၄/၇/၈/၁၀) တပ်ရင်း၊ ဒရုန်းတပ်များက လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားသော်လည်း ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများပါ လုပ်ဆောင်သွားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က သင်းတပေါ့ရွာသား အသက် ၄၀ နှစ်အရွယ် စိတ်ရောဂါခံစားနေရသော ကိုညိုချော ကိုလည်း PDF ယူနီဖောင်းဝတ်ဆင်ခိုင်းပြီး ပစ်သတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းက ပြည်သူ ၃ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး အုပ်ရှစ်ကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံးကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။
“စစ်ခွေးတွေ သတ်ဖြတ်သွားတာက သင်းတပေါ့ကျေးရွာသား ကိုညိုချောပါ။ အသက်က ၄၀ ဝန်းကျင်ရှိပါပြီ စိတ်ရောဂါဝေဒနာရှင်ပါ။ ကိုညိုချောကို PDF ယူနီဖောင်းဝတ်ခိုင်းပြီးမှ သတ်ဖြတ်သွားတာ ရွာသား ၃ ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။ နောက်ပြီး အုပ်ရှစ်ကုန်းရွာက နေအိမ် ၉ လုံးကိုလည်း မီးရှို့ ပျက်စီးသွားတယ်။ ဒီကောင်တွေက ပြည်သူတွေကိုမှိုင်းတိုက်ထားတာ ရှိတယ်။ သူတို့ဝင်ရင် အလံဖြူထောင်ရင် ဘာမှမလုပ်ပါဘူး ဆိုပြီး သတင်းလွှင့်ထားတာတွေရှိတယ်။ ဒါပေမယ့် သူတို့ဝင်တဲ့ရွာ အကုန်အလုပ်ခံရတာကြီးပဲ ဖမ်းပီး လူသားဒိုင်းအနေနဲ့ မိုင်းကွင်းဖြတ်ခိုင်းတာတွေလည်းရှိတယ် ခွေးစကားကို လုံးဝ မယုံမိကြစေဖို့ မှာချင်ပါတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ – စစ်တပ်က PDF ယူနီဖောင်းဝတ်ဆင်ခိုင်းပြီး သတ်ဖြတ်ခဲ့သော သင်းတပေါ့ရွာသား အသက် ၄၀ နှစ်အရွယ် စိတ်ရောဂါခံစားနေရသော ကိုညိုချော




