ရန်ကုန်၊ ဇွန် ၁၆
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကိုးပင်-ဆက်သွား လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော အိမ်စီးကားကို တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ပကဖ အသံ ၏ ထုတ်ပြန်ချက်နှင့် မကွေးတောင်တွင်းကြီး အထူးပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။
ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ တောင်တွင်းကြီးမြို့နယ်၊ ဆက်သွားကျေးရွာဘက်မှ ဗိုလ်ကြီး ၁ ဦး အပါ အဝင် စစ်သား ၄ ဦးလိုက်ပါလာသော အိမ်စီးကားကို ကိုးပင်-ဆက်သွားလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှု အတွင်း ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား အလောင်း ၂ လောင်း၊ G-3 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်နှင့် MA-5 သေနတ် ၁ လက်တို့ သိမ်းဆည်းရမိခဲ့ပြီး မော်တော် ယာဉ်ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
“အဲဒီ ဖြစ်စဉ်ကဟုတ်ပါတယ်။ ကျနော်တို့လည်း မကြာခင်ထုတ်ပြန်ပါ့မယ်။ အခုက စစ် ကြောင်းတွေနဲ့ ရှုပ်နေတုန်းမို့လို့ပါ” ဟု မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက် တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ စုဖွဲ့ထားသည့် ရိုးမဖိုက်တာစစ်ကြောင်းနှင့်အတူ သရက်ခရိုင် အမှတ် ၅ တပ် ရင်း၊မကွေးမြို့နယ် ပကဖ ၊ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။






