26.6 C
Yangon

အုတ်ဖိုတွင် စစ်တပ်က ကျေးရွာအတွင်း ပြည်သူများ ပြန်လည်မဝင်ရောက်နိုင်ရန် လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေ၊ ပုလဲတွင်လည်း စစ်တပ်က ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေ

Must read

ရန်ကုန်၊ ဇွန် ၁၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ပြည်သူများ ပြန်လည်မဝင်ရောက်နိုင်ရန် လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လပိုင်းမှ စတင်ပြီး အုတ်ဖိုမြို့နယ်၊ တောင်ညိုလေးအနီးရှိ ကျောက်ပုံတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်စခန်းမှ စစ်သားများက ထန်းပင်ကုန်းကျေးရွာကို ပြည်သူများ ပြန်လည်မဝင်ရောက်နိုင်ရန်အတွင် ရွာထဲကို လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၆ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင်လည်း လက်နက်ကြီး ၃ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်ရှိချိန် ကျေးရွာနေပြည်သူများသည် ရွာထဲ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

“အုတ်ဖိုမြို့နယ်၊ တောင်ညိုလေးအနီးက ကျောက်ပုံမှာ အထိုင်ချထားတဲ့ စစ်ခွေးစခန်းက ကောင်တွေက ထန်းပင်ကုန်းကျေးရွာထဲမှာ မီးမလောင်ဘဲ ကျန်ခဲ့တဲ့ ပြည်သူပိုင်နေအိမ်တွေကို တောက်လျောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာ ပြည်သူတွေ ရွာထဲ ပြန်မဝင်နိုင်အောင် လုပ်နေတာ စစ်ခွေးတွေ ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ နေအိမ်တွေလည်း ပျက်စီးတာရှိတယ်။ ပြည်သူတွေကလည်း အခုထိ နေရပ်ပြန်မလာရဲဘဲ စားနပ် ရိက္ခာတွေလိုအပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့တွင်းမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ကျေးရွာ ၅ ခုမှ ရာနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့ပေါ်မှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ငါးမောင်းလမ်းစုံမှ လည်ငေါက်ကျေးရွာအတွင်းသို့ သေနတ်များ ရမ်းသမ်းပစ်ခတ်ပြီး ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် လက်တောင်းငယ်ကျေးရွာသို့ ဆက်လက်ဝင်ရောက်မွှေနှောက်ခဲ့ပြီး ညပိုင်းတွင် ပုလဲမြို့နယ် သရက်ကန်ကျေးရွာအတွင်း ဝင်ရောက်ကာ ညအိပ်တပ်စွဲခဲ့ကြောင်း၊ သရက်ကန်ရွာ၌ တပ်စွဲထားစဉ်အတွင်း ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ တိရစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် သရက်ကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုလဲမြို့နယ်၊ မကျီးကန်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်ပြီး မော်တော်ကား ၁ စီးဖြင့် သရက်ကန်ကျေးရွာအတွင်းသို့ ပြန်လည်သယ်ဆောင်ကာ ဝင်ရောက်သွားခဲ့ပြီး ညအိပ်တပ်စွဲထားကြောင်း သိရသည်။

“ယင်းမာပင်မြို့ကနေ ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက လည်ငေါက်ရွာ၊ လက်တောင်းငယ်ရွာတွေကို မွှေပြီး သရက်ကန်ရွာမှာ ညအိပ်တပ်စွဲတယ်။ ရွာက ပြည်သူတွေရဲ့ ကြက်၊ ဝက် တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကြတာ။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ပုလဲနယ် မကျီးကန်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို ကားတစ်စီးနဲ့ ခိုးယူပြီး သရက်ကန်ရွာထဲ ပြန်သယ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပုလဲမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်ကလည်း ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်ဘက်ကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မြေပြင် စစ်ကြောင်းသည်လည်း အလယ်ဘုံကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲထားကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ပုလဲမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရား အသက်ဝင်နေဆဲဖြစ်ကြောင်း ပြသရန် လက်ရှိချိန်တွင် မုံရွာမြို့၌ ရောက်ရှိနေသည့် ပုလဲမြို့နယ် လဝကရုံးအပါအဝင် အခြားသော ဌာနဆိုင်ရာရုံးများကို ပုလဲမြို့ပေါ်သို့ ပြန်လည်ရွှေ့ပြောင်းကာ ရုံးများပြန်ဖွင့်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“စစ်ကောင်စီက ပုလဲမြို့ပေါ်မှာ သူတို့အုပ်ချုပ်ရေးရှိသေးတယ်လို့ ပြချင်လို့ မုံရွာမှာ ရှောင်နေတဲ့ လဝကရုံးနဲ့ အခြားရုံးတွေကို မြို့ပေါ်ပြန်ခေါ်ပြီး ရုံးဖွင့်ဖို့ လုပ်နေတာရှိတယ်။ မနေ့က ယင်းမာပင်မြို့ထဲမှာ ကျောင်းသားတွေ ဝင်ခွင့်ဖြေတာတွေရှိတယ်လို့ ကြားတယ်။ ပုလဲမြို့ထဲက အနည်းအကျဉ်းကလွဲလို့ ကျန်တဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ကျောင်းသားတွေကတော့ ဘယ်သူမှ သွားမဖြေကြပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာ ၅ ခန့်မှ ရာနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယင်းမာပင်မြို့ ဘေးပတ်ပတ်လည်တွင်လည်း အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်မိုင်းများ ထောင်ထား၍ ပြည်သူများအနေဖြင့် မြို့ပတ်ဝန်းကျင်သို့ သွားလာခြင်းမပြုကြရန်နှင့် စစ်ရေးသတိရှိကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ – ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာ တစ်ခုကို စစ်တပ်စစ်ကြောင်း ညအချိန်ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article