ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်နှင့် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များ ဦးဆောင်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ် “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို ရွှေဘိုခရိုင် အမှတ်(၆)တပ်ရင်းမှ လှူပ်ရှားပါဝင်ခဲ့ကြောင်း၊ ထိုနှင်းဆီလှုပ်ရှားမှုတွင် ပြည်တွင်းပြည်ပ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
အလားတူ ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ ခင်ဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မြို့နယ်သယံဇာတ အဖွဲ့များနှင့် ပူပေါင်းတော်လှန်ရေး အင်အားစုများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းသပိတ်ပြုလုပ်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ မွေးနေ့ဆုမွန်ကောင်းတောင်းခြင်း၊ ကြွေးကြော်သံများ၊ လုလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံစတစ်ကာများကပ်၍ ပူပေါင်းများ လွှတ်တင်ခြင်းနှင့် ကျွန်းပင် ၁၂၀၀ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သည့် ၈၁ နှစ်ပြည့် မွေးနေမှစ၍ အမြန်ဆုံးလွတ်မြောက်ကာ ပြည်သူ့ရင်ခွင်သို့ ကျန်းမာစွာ ပြန်လည်ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းခြင်း၊ မယိုင်လဲသည့် သတ္တိနှင့် ရဲဝင့်စွာ ပွင့်လန်းနေသည့် မျှော်လင့်ချက် နှင်းဆီကို ကိုင်စွဲကာ ငြိမ်းချမ်းစွာ အန်တုနေကြသည့် လူထုသပိတ် “နှင်းဆီလှုပ်ရှားမှု” ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။






