26.9 C
Yangon

ရေစကြိုတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ နတ်မောက်တွင် ပျူစောထီးရွာကို သိမ်းပိုက်ကာ ဆောမြို့မရဲစခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကလောနယ်မြေရဲစခန်းတွင် တစ်လနီးပါး တပ်စွဲထားပြီးနောက် ရေစကြိုမြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည့်အချက်အလက်များအရ ဇွန်လ ၁၈ ရက်နေ့ နံနက်အစောပိုင်းတွင် မြိုင်မြို့နယ် လင်းကလောနယ်မြေရဲစခန်းမှ ထွက်ခွာလာသော စစ်ကြောင်းကို ရေစကြိုမြို့နယ်အတွင်း တစ်နေရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အသင့်စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဖက်အကြား တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးမှုရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“စစ်ကောင်စီဘက်က ၇ ယောက်လောက်တော့ ဒဏ်ရာရတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေချိန်မှာ သူတို့အချင်းချင်း ဆွဲခေါ်နေတာကို မြင်ခဲ့ရတယ်။ သေဆုံးမှုရှိ၊ မရှိတော့ အတိအကျ မသိရသေးဘူး” ဟု ရေစကြိုမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ထံမှ ၅ ဒသမ ၅၆ မီလီမီတာ ကျည် ၄၅၀ တောင့်၊ ၆၀ မမ ဗုံးသီး ၂ လုံးနှင့် MA ကျည်ဘောက်ဝိုင်း ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိခိုက်မှုများကြုံတွေ့ခဲ့သည့် စစ်ကြောင်းမှာ နောက်ပိုင်းတွင် ရေစကြိုမြို့နယ် ဇီးတောကျေးရွာရှိ ပျူစောထီးနှင့် စစ်တပ်ပူးပေါင်းစခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၉) နှင့် မြိုင်မြို့နယ် ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ပိတောက်ငုတ် ပျူစောထီးကျေးရွာကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မကွေးတိုင်း ပကဖက ထုတ်ပြန်ထားသည်။

ဇွန်လ ၁၀ ရက်နေ့တွင် နတ်မောက်မြို့အနီးရှိ အဆိုပါ ပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ထွက်ပြေးသွားပြီး စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည့်အပြင် စခန်းအတွင်းရှိ ဘန်ကာများနှင့် အဆောက်အအုံများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ပိတောက်ငုတ်ကျေးရွာသည် နတ်မောက်မြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးပြီး စစ်ကောင်စီ၏ ထိန်းချုပ်မှုအားကောင်းသည့် နယ်မြေအတွင်း တည်ရှိနေသော်လည်း ပူးပေါင်းတပ်ဖွဲ့များက စစ်ဆင်ရေးအစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများက ပိတ်ဆို့တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များက ခံစစ်အစီအမံများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မကွေးခရိုင် ပကဖ၊ နတ်မောက်မြို့နယ် ပကဖ၊ ချောက်မြို့နယ် ပကဖ၊ မကွေးမြို့နယ် ပကဖ၊ ရေနံချောင်းမြို့နယ် ပကဖနှင့် မကွေးတိုင်း ပကဖ လှုပ်ရှားစစ်ကြောင်း (Yenanthar Column) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၅ ရက်နေ့တွင် ဂန့်ဂေါခရိုင်၊ ဆောမြို့ရှိ မြို့မရဲစခန်းနှင့် စစ်တပ်ယာယီတပ်စွဲထားသည့် နေရာများကို မကွေးတိုင်း ပကဖ ဒရုန်းလက်ရုံးတပ်က ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆောမြို့တွင် စစ်ကောင်စီတပ်က ထိုးစစ်အတွက် စစ်ထောက်နားရပ်ပြုလုပ်ထားစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းနှင့် ရဲစခန်းအနောက်ဘက်ရှိ စစ်တပ်ထောက်နားရာ နေရာများတွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်း၏ ရိက္ခာနှင့် ခဲယမ်းအချို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ထို့နောက် ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာလေတပ်မှ Y-8 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးဖြင့် ရိက္ခာနှင့် ခဲယမ်းများကို ထပ်မံပို့ဆောင်ချပေးခဲ့ကြောင်း သိရသည်။

ဆောမြို့တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ ဒရုန်းလက်ရုံးတပ်၊ ဆောမြို့နယ် ပကဖနှင့် နယ်မြေခံတပ်ရင်းများမှ တော်လှန်ရေးရဲဘော်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ပကဖတပ်ဖွဲ့များအနေဖြင့် ပြည်သူ့စစ်မဟာ ဗျူဟာကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များဖြင့် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article