ရန်ကုန်၊ ဇူလိုင် ၂၉
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းတွင် စစ်ကားပေါ်တွင် တင်၍ ဖမ်းလာသော လူငယ်တစ်ဦး ထွက်ပြေး၍ စစ်တပ်က လိုက်လံ ပစ်ခတ် ဖမ်းဆီးမှု ယနေ့ နံနက်ပိုင်းဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“လူငယ်လေးတစ်ဦးကို စစ်ကားပေါ်တင်ထားတယ်။ ဖမ်းလာတာက ဘယ်ကဖမ်းလာတာလဲတော့မသိဘူး။ အဲဒါ စစ်သားတွေက ကားရပ်ပြီး ဗဟိုလမ်းနားမှာ လူငယ်တွေရဲ့ ဖုန်းတွေလိုက်စစ်နေတာ။ အဲဒီအချိန်မှာ စစ်ကားပေါ်က လူငယ်က ဆင်းပြေးတယ်။ ဆင်းပြေးတာကို လိုက်ဖမ်းတာ။ လူငယ်ကလည်း အောင်ချမ်းသာထဲကို ဝင်ပြေးမိတာ။ အောင်ချမ်းသာအပိတ်ကြီးဆိုတော့ မိသွားတယ်။ သေနတ်နဲ့လိုက်ပစ်တယ်။ ၅ ချက် ၆ ချက်လောက်ရှိမယ်။ ဒဏ်ရာတော့ ရသွားတယ်” ဟု စမ်းချောင်းမင်းလမ်းတွင် နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ လော်ဘီသတင်းဌာနတချို့ကမူ လက်လုပ်ဗုံးတွေ့၍ ပစ်ခတ်ဖမ်းဆီးသည်ဟု သတင်းဖော်ပြသော်လည်း ဒေသခံများကမူ ဖုန်းအတွင်းမှ နိုင်ငံရေးပို့စ်တွေ့ရှိ၍ ဖမ်းဆီးလာသော လူငယ်တစ်ဦးဟု ပြောဆိုသည်။
“စစ်ကားတွေနဲ့ ကြုံရာရပ်ပြီး လူငယ်မြင်ရင် ဖုန်းစစ်တာ။ အဲဒါ ပရိုဖိုင် ချိန်းတာတို့ နိုင်ငံရေးပို့စ်ရှယ်တာတွေရင် ကားပေါ် ဆွဲတင်ဖမ်းတာပဲ။ အခုနက လူငယ်ကလည်း စစ်ကားပေါ်မှာ အဲဒီလို ဖမ်းလာတာ။ ကျောပိုးအိတ်လေးနဲ့။ လိုက်ပြီး ပစ်ဖမ်းတာကတော့ တကယ့်ကို လူဆိုး ဖမ်းသလို လိုက်ဖမ်းတာ။ သူ့ဟာသူ ကျောပိုးအိတ်လေးနဲ့ ထိုင်နေတာကားပေါ်မှာ။ လစ်တော့ ထွက်ပြေးတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
စမ်းချောင်း၊ဗဟိုလမ်းပစ်ခတ်မှုဖြစ်စဉ်အပြီး ပုံမှန်အတိုင်း ပြန်လည်သွားလာနေသော်လည်း စစ်တပ် အရပ်ဝတ်တချို့ လှည့်ကင်းပတ်နေကြောင်း၊ အိမ်စီးကားတချို့ဖြင့် လှည့်လည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- စမ်းချောင်းဗဟိုလမ်း။(ပုံအဟောင်းဖြစ်သည်)